COVID-19 ကူးစက်သူ ၁၂၀၀ ကျော်ရှိသော်လည်း တစ်ဦးသာသေဆုံးခဲ့သည့် နယူးဇီလန်နိုင်ငံ

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံမှာ အမေရိကန် နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၄ သိန်းကျော်တွင် ၁ သောင်း ၂ ထောင်ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အီတလီ နိုင်ငံတွင်မူ ၁ သိန်းကျော်သာ ကူးစက်ခံရသော်လည်း ၁ သောင်း ၇ ထောင်ကျော်အထိ သေဆုံးမှုရှိခဲ့သည်။

COVID-19 ကူးစက်နေသည့် နိုင်ငံများထဲတွင် ထူးခြားသည့်နိုင်ငံတစ်နိုင်ငံမှာ နယူးဇီလန်ဖြစ်သည်။ အကြောင်းမှာ နယူးဇီလန် နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁,၂၁၀ ဦး ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ သေဆုံးသူမှာ ၁ ဦး သာ ရှိသေးသည်။ အဆိုပါ နှုန်းထားအရဆိုလျှင် အခြားသောကူးစက်ခံနိုင်ငံများနှင့် ယှဉ်လျှင် နယူးဇီလန်၏ သေဆုံးနှုန်းမှာ အတော်နည်းပါးသည်ဟု ဆိုနိုင်သည်။


Image Credit: RNZ

နယူးဇီလန်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ခန့်မှစ၍ တစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ပင်ပြီး lockdown ချထားလိုက်ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးနှုန်းအနိမ့်ဆုံးဖြစ်နေရကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းသုံးသပ် ထားကြသည်။

နယူးဇီလန်သည် ပြီးခဲ့သည့် မတ်လကတည်းက နိုင်ငံကို lockdown ချခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်အတွင်းတွင် ထပ်တိုး ကူးစက်ခံရသူအရေအတွက်မှာ တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ရောဂါ ကူးစက်ခံရသူ ၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ ရောဂါသက်သာပျောက်ကင်းသူဦးရေမှာ ၂၈၂ ဦး ရှိလာခဲ့ပြီ ဖြစ်သည်။


Image Credit: Daily Mail

နယူးဇီလန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသွားသည့် တစ်ဦးတည်းသောလူနာမှာလည်း မူလရောဂါအခံ ရှိနေသည့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့သည့် မတ်လကုန်ခါးနီးတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထပ်မံသေဆုံးမှုမရှိသေးခြင်းနှင့် အသစ်ကူးစက်ခံရသူ အရေအတွက်မှာလည်း လျှော့ကျလာခြင်းတို့ကြောင့် နိုင်ငံအတွင်း အဝင်အထွက်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးရန် အစိုးရကို တောင်းဆိုမှုများလည်း ရှိခဲ့သည်။ သို့ရာတွင် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Jacinda Ardern ၏ အဆိုအရ ၁၄ ရက်ပြည့်သည်အထိ lockdown ဆက်လက်ချထားဦး ဖြစ်သည်။


Image Credit: Metro UK

၎င်းက ပြည်သူများအနေဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ မဖြစ်မနေလိုအပ်သည့် ပစ္စည်းများဝယ်ယူခြင်း၊ မဖြစ်မနေ အလုပ်ဝင်နေရသည့် အလုပ်သမားများမှလွဲ၍ မိမိအိမ်တွင်း၌ပင် နေထိုင်ကြရန်လည်း ကြေညာထားသည်။ ကမ်းခြေတွင် ရေကူးခြင်း၊ တောလည်ခြင်းများကိုမူ ပိတ်ပင်ထားသည်။

COVID-19 ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေကြရသည့် အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်စေရန်အတွက် သမ္မတထရန့်ပ်ကို နယူးဇီလန်နိုင်ငံ၏ ခြေရာ အတိုင်း လိုက်ရန် မျှော်လင့်နေကြသည်ဟု သိရသည်။

Katie Scarlett
We Media

Source: The Hill

Original Link: https://thehill.com/policy/international/asia-pacific/491532-new-zealands-coronavirus-lockdown-has-resulted-in-only-one?fbclid=IwAR04dBL2GwFTMYAlJUvjX9tQ72PMi9G7_3-1gTR4SoWVTFF8QesY0Y74ang

ဆက်စပ်ရှာဖွေမှုများ - The Guardian, Worldometers


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။