နှစ်ပေါင်း သုံးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိမဝန္တာတောင်ကို အိန္ဒိယမှ လှမ်းမြင်ရ

ဒါဟာ နှစ်ပေါင်းသုံးဆယ်အတွင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တွစ်တာအသုံးပြုသူ အဘူပန်ဒေး (Abbu Pandit) က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ဟိမဝန္တာတောင်ကို မမြင်နိုင်တာ ကြာခဲ့ပြီဖြစ်ပြီး COVID-19 ကြောင့် လေထုညစ်ညမ်းမှုလျော့ကျလာတာနဲ့အတူ ဟိမဝန္တာတောင်ကို ပန်ဂျပ်ပြည်နယ် (Punjab) ၊ ဂျလန်ဒါခရိုင် (Jalandhar District) ကနေ ကောင်းကောင်းမြင်တွေ့နိုင်ပြီဲဖြစ်ပါတယ်။


Image Credit - Abbu Pandit@Twitter

ပန်ဂျပ်ပြည်နယ်ဟာ ဟိမဝန္တာကနေ ၁၂၅ မိုင်ကွာဝေးပြီး ခါတိုင်းအချိန်တွေဆို လေထုညစ်ညမ်းမှုကြောင့် တောင်ကို မမြင်ရပါဘူး။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ၂၁ ရက်ကြာ lockdown အစီအစဉ်အတွင်း လေထုက ပြန်လည်သန့်စင်လာတာနဲ့အမျှ ဟိမဝန္တာတောင်ရဲ့ ရုပ်လုံးကလည်း တဖြည်းဖြည်းပေါ်လွင်လာခဲ့တာဖြစ်ပါတယ်။

ဟိမဝန္တာဟာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေထဲကတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၄၀၀၀ ကျော်အမြင့်ရှိသလို တောင်ထိပ်ပေါင်း ၁၁၀ ကျော်လည်းရှိနေပါတယ်။ ဟိမဝန္တာကို ထင်ထင်ရှားရှားမြင်ရတဲ့အကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှတဲ့သူတွေထဲ အိန္ဒိယခရစ်ကတ်ကစားသမားဟောင်း ဟာဘ်ဂျန်ဆင်း (Harbhajan Singh) လည်းအပါအဝင်ဖြစ်ပါတယ်။


Image Credit - harbhajan_singh@Twitter

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တည်ရှိရာ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်းမှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံရဲ့ Data Intelligence Unit တွေအရ မတ် ၁၆ ကနေ ၂၄ အတွင်း အိန္ဒိယနိုင်ငံရဲ့ လေထုအဆင့်ဟာ ၁၁၅ မှာရှိနေခဲ့တာဖြစ်ပြီး lockdown ကာလရဲ့ တတိယနေ့ မှာတင် လေထုအရည်အသွေးက ၇၅ အထိလျော့ကျသွားပါတယ်။ ဒါတွေဟာ လေထုပြန်လည်သန့်စင်လာတဲ့ အခြေအနေတွေပါ။


Image Credit - dailymail.co.uk

လေထုအရည်အသွေး AQI level ၅၁ ကနေ ၁၀၀ ကြားဟာ အလယ်အလတ်အဆင့်ဖြစ်ပြီး ၅၀ နဲ့အောက်ဆိုရင်တော့ လေထုညစ်ညမ်းမှုအန္တရာယ်မရှိဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယတစ်နိုင်ငံလုံးကို အိမ်ပြင်မထွက်ရအမိန့်နဲ့ lockdown ချထားပြီး အခြေခံစားသောက်ကုန်နဲ့ဆေးဆိုင်တွေလောက်ပဲဖွင့်ခွင့်ပေးထားပါတယ်။ ဆေးရုံနဲ့ကျန်းမာရေးစင်တာတွေကတော့ ၂၄ နာရီပတ်လုံးဖွင့်ထားတာပါ။

အိန္ဒိယနိုင်ငံမှာ အခုဆို ကူးစက်မှုက ၅၀၀၀ ကျော်လာပြီဖြစ်သလို ၁၄၉ ဦးသေဆုံးခဲ့ပါတယ်။

Gabriel
WE Media
Source - Dailymail.co.uk
Original Link - https://www.dailymail.co.uk/news/article-8199955/Himalayas-visible-India-time-30-years-coronavirus-sees-pollution-levels-drop.html?fbclid=IwAR0PYSI5hokbmtjm5EJ15R3UNpSuLW1UKxMSTjdk0M8cxxC-YVUNK7NSsfk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။