အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှု ၉ သိန်းကျော်လာ

အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်မှာ ကူးစက်သူအရေအတွက်ဟာ နေ့စဉ် တဟုန်ထိုးမြင့်တက်နေတာပါ။ ဧပြီ ၂၅ ရက် နေ့အထိ အမေရိကန်မှာ ကူးစက်မှုပေါင်း ၉၀၅,၃၅၈ ဦး ရှိလာပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အမေရိကန်မှာ ကူးစက်မှု ၉ သိန်းကျော်လာပြီး သေဆုံးသူကတော့ ၅ သောင်းကျော် (၅၁,၉၄၉) ဦး ရှိပါတယ်။ အဲဒီနှုန်းထားအရဆိုရင် အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုရော၊ သေဆုံးမှုမှာပါ အများဆုံး ဖြစ်နေပါတယ်။ နေပြန်ကောင်းသူကတော့ ၁ သိန်းကျော် ရှိနေပါပြီ။


Image Credit: John Hopkins University

အမေရိကန်ပြည်ထောင်စုက ဒေသတွေအားလုံးထဲမှာ နယူးယော့ခ်မြို့တော်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်နေပြီး အဓိကကူးစက်ရာ ဗဟိုချက်တစ်ခု ဖြစ်လာပါတယ်။ နယူးယော့ခ်မှာကိုပဲ ကူးစက်မှု ၃ သိန်းနီးပါးနဲ့ သေဆုံးသူ ၂ သောင်းကျော် ရှိနေပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှုများပြားနေတဲ့ နောက်ထပ်ပြည်နယ်တွေကတော့ နယူးဂျာစီ၊ မန်ဆာချူးဆက်၊ ကယ်လီ ဖိုးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယားတို့ပါပဲ။ နယူးဂျာစီပြည်နယ်မှာဆိုရင် ကူးစက်မှု ၁ သိန်းကျော် ရှိနေပါတယ်။
လက်ရှိ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှု ၂.၈ သန်း ကျော်ရှိနေပြီ ဖြစ်တာကြောင့် ၃ သန်းနီးပါး ဖြစ်လာ ပါပြီ။ သေဆုံးသူကတော့ ၂ သိန်းနီးပါး ဖြစ်နေပါပြီ။ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ၅ သောင်းကျော် သေဆုံးခဲ့တာပါ။


Image Credit: Getty Images

အီတလီနိုင်ငံမှာ ကူးစက်မှု ၂ သိန်းနီးပါး ရှိလာပြီး သေဆုံးသူကတော့ ၂ သောင်းခွဲကျော်နေပါပြီ။ စပိန်နိုင်ငံက တော့ ကူးစက်မှု ၂ သိန်းကျော်နေပြီး သေဆုံးသူ ၂ သောင်း ၂ ထောင်ကျေ်ာ ရှိနေပါတယ်။

Katie Scarlett
We Media

Source: John Hopkins University

Original Link: https://coronavirus.jhu.edu/data/new-cases?fbclid=IwAR0-WdkekwCsaatWrDB_wOsDqHmbeuPmFf4HIUvVhMfWIuRxir9NleCH-us



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။