ထိုင်းရောက်မြန်မာအလုပ်သမား ၁၆၀၀၀ ကျော် ပြန်လာရန် စာရင်းပေး

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန် မြန်မာအလုပ်သမား  ၁၆၃၂၄ ဦး စာရင်းပေးထားကြောင်းသိရသည်။ အဆိုပါ အလုပ်သမားများသည် မေလ ၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ ပြန်လည်ဝင်ရောက်လာမည် ဖြစ်သည်။


Photo credit - thuta linn

အမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသော အလုပ်သမား အနေဖြင့် အွန်လိုင်းမှတဆင့် ဖောင်ဖြည့်စာရင်းသွင်းရန်လိုအပ်ပြီး ဧပြီ ၂၈ ည ၈ နာရီ ထိစာရင်းပေးသွင်းထားသူ ၁၆၃၂၄ ဦး ရှိ ကြောင်း အလုပ်သမားရုံးစာရင်းများ အရ သိရသည်။ 


မြန်မာနိုင်ငံသို့ ပြန်မည့်သူများထဲတွင် အမျိုးသား ၁၁၁၇၈ ဦးနှင့် အမျိုးသမီး ၅၁၄၆ ဦး ပါဝင်သည်။လုပ်ငန်းအမျိုးအစားအလိုက် စက်ရုံ၊အလုပ်ရုံ အလုပ်သမားများက ၉၀၀၀ ကျော်၊ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂၇၃ ဦး နှင့် အခြားအလုပ်သမား ၅၀၀၀ ခန့်ပါဝင်သည်။


Photo credit - win zaw

နေရပ်ပြန်အလုပ်သမားများတွင် ပဲခူးတိုင်းမှ အလုပ်သမား ၄၄၆၃ ဦး၊ မကွေးတိုင်းမှ အလုပ်သမား ၂၅၄၄ ဦး၊ မွန်ပြည်နယ်မှ ၁၉၆၇ ဦး အများဆုံးပါဝင်သည်။


ပြန်လာသူများထဲတွင် မိမိဆန္ဒအလျောက် ပြန်လာလိုသူ ၈၀၁၃ ဦး၊ အလုပ်ရုံပိတ်သဖြင့် ပြန်လာလိုသူ ၁၄၄၄ ဦး၊ အလုပ်ထုတ်ခံရသူ ၁၁၆၄ ဦးအများဆုံးပါဝင်သည်။ ထို့ပြင် အထောက်အထားမရှိသူများနှင့် တရားမဝင် အလုပ်သမားများလည်း ပြန်လည်ပါဝင်လာမည် ဖြစ်သည်။ 


ပြန်လည်ဝင်ရောက်လာမည့် အလုပ်သမား ထက်ဝက်ကျော်က ထိုင်းနိုင်ငံသို့ ပြန်လာရန် ဆန္ဒမရှိတော့ကြောင်း ပြောကြားထားသည်။


Photo credit - win zaw

ထိုင်းနိုင်ငံမှ ပြန်လာမည့်အလုပ်သမားများသည် မေလ ၁ ရက်မှစတင်ကာ မြဝတီသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအလုပ်သမားများကို မြဝတီရှိ Quarantine Center ဆယ်ခု၌ ၂၁ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ပြီး ရောဂါပိုးကင်းစင်သောသူ များကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။ ထိုင်းပြန်အလုပ်သမားအနေဖြင့် မြဝတီ Quarantine ၂၁ ရက်၊ Home Quarantine ၇ ရက် စုစုပေါင်း ၂၈ ရက် မဖြစ်မနေ စောင့်ကြည့်ခံရမည် ဖြစ်သည်။


ထိုင်းရောက်မြန်မာအလုပ်သမားများ အနေဖြင့် အရေးပေါ်အကူအညီ လိုအပ်ပါက ထိုင်းဖုန်း +660987395478 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။


Source - ထိုင်းမြန်မာအလုပ်သမားရုံး


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။