ရက် ၂၀ ကြာ ပျောက်နေပြီးမှ ပထမဆုံးအကြိမ် လူလုံးထွက်ပြလာတဲ့ ကင်မ်ဂျူံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျူံအန်ဟာ ပြုံယမ်းမြို့တော်မြောက်ပိုင်းဒေသတစ်ခုမှာ ရှိတဲ့ ဓာတ်မြေသြဇာ စက်ရုံတစ်ခုရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KCNA က မေလ ၂ ရက်၊ စနေနေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီလိုတက်ရောက်မှုဟာ ကင်မ်ဂျူံအန်အတွက်တော့ ဧပြီ ၁၁ ရက်နေ့နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ အများရှေ့မှာ ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ မေ ၁ ရက်၊ သောကြာနေ့တုန်း အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။ ကင်မ်ဂျူံအန်ဟာ စက်ရုံကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်လုပ်မှုနဲ့ပတ်သက်လို့လည်း အမှာ စကားပြောကြားခဲ့ပါတယ်။


Image Credit: CNA

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က မြောက်ကိုရီးယားရဲ့ အရေးကြီးဆုံးနိုင်ငံ့အခမ်းအနားတစ်ခု ဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီး Kim II Sung ရဲ့ မွေးနေ့ နှစ်ပတ်လည်အခမ်းအနားကို မတက်ရောက် ခဲ့တာကြောင့် ကင်မ်ဂျူံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။

ကင်မ်ဂျူံအန်ဟာ ဧပြီ ၁၁ ရက်က ကျင်းပခဲ့တဲ့ Workers’ Party politburo အစည်းအဝေးကို တက်ရောက်ခဲ့ပြီး နောက်မှာ အများပြည်သူရှေ့က ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေ စတင်ထွက်ရှိခဲ့တာပါ။


Image Credit: Al Jazeera

အဲဒီနောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံဘက်ကလည်း ကင်မ်ဂျူံအန်သေဆုံးပြီဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်လို့ ငြင်းဆန်ခဲ့ပြီး သူအသက်ရှင်နေသေးကြောင်းကို ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကင်မ်ဂျူံအန်တစ်ယောက် အခုလို အများရှေ့မထွက်ဘဲ ခဏတာပျောက်ကွယ်သွားတဲ့ အကြောင်း အရင်းမှန်ကိုတော့ အတိအကျမသိရသေးပါဘူး။ သူဟာ ၂၀၁၄ ခုနှစ်လောက်တုန်းကလည်း ကျန်းမာရေး အခြေအနေတစ်ခုကြောင့် အများမြင်ကွင်းကနေ ၆ ပတ်နီးပါးလောက် ပျောက်သွားခဲ့ဖူးပါတယ်။

Katie Scarlett
We Media

Source: CNA

Originail Link: https://www.channelnewsasia.com/news/asia/north-korea-kim-jong-un-first-public-appearance-20-days-12696066?fbclid=IwAR1qZWzJoz0afKtcxjNDagWyR2MZ3t9KGyFFH5BMgET_CEDORDXJCBcSsvY

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။