မြန်မာမှာ တိတ်တဆိတ်ရောဂါသယ်ဆောင်သူတွေ များနေပြီလား..

လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေက တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးချလိုက်သလို ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ တိတ်တဆိတ်ရောဂါပိုးသယ်ဆောင်သူ (Silent Career) တွေကြောင့်ပါ။

ပြည်တွင်းမှာ ပိုးစတွေ့တာ ပြည်တော်ပြန်အုပ်စုကစတွေ့တာပါ။ စတွေ့တဲ့လူကတစ်ဆင့် contact tracing လိုက်ရင်း Quarantine ထဲထည့်ခဲ့ကြပါတယ်။ အားလုံးခြုံငုံမိပြီဆိုမှ ဆက်စပ်လူနာမရှိ၊ contact tracing မရှိ၊ တိတ်တဆိတ်ရောဂါ သယ်ဆောင်သူတွေကနေ ကူးစက်သူများလာပါပြီ။ ခုဆိုရင် တပ်မတော်မှာလည်း ကူးစက်သူရှိနေပါပြီ။ တိတ်တဆိတ်ရောဂါ သယ်ဆောင်သူများလေ အန္တရာယ်များလေပါ။  ဒါကြောင့် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ တိတ်တဆိတ်ရောဂါသယ်ဆောင်နေသူကို ရှာဖို့လိုအပ်လာပါပြီ။ 


Photo - xinhua

မြန်မာပြည်ရဲ့ငြိမ်သက်ခဲ့ရတဲ့အခြေအနေက contact tracing လိုက်နိုင်လို့ ထိန်းနိုင်တာပါ။ ဆက်စပ်လူနာရှာတဲ့နည်းဗျူဟာ ကောင်းတာကို WHO  ကလည်း အသိအမှတ်ပြုထားပါတယ်။ ဒီလိုအခြေအနေမျိုးကို ဆက်ထိန်းနိုင်ဖို့က ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ Homestay မနေဘဲ Contact tracing လိုက်ရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။ တိတ်တဆိတ်ရောဂါ သယ်ဆောင်သူကို လိုက်ဖို့ကျတော့ အပြောလွယ်သလောက်လိုက်ရခက်ပါတယ်။ မြန်မာနိုင်ငံမှာ တွေ့တဲ့ ရောဂါပိုးတွေ့သူ ထက်ဝက်ကျော်က ရောဂါလက္ခဏာ မပြဘဲ ကူးစက်နေသူတွေပါ။

သူတို့ဟာ ကိုယ်ခံအားကောင်းသူတွေဖြစ်သလို သူများကို အလွယ်တကူကူးစက်နိုင်သူတွေလည်း ဖြစ်ပါတယ်။ 

Case တွေကိုပြန်လေ့လာကြည့်တဲ့အခါ 

Case 79,Case 85,Case 87,Case 109,Case 111, Case 120,Case 132,Case 151,Case 155

တို့ဟာ တိတ်တဆိတ်ရောဂါသယ်ဆောင်သူတွေ ဆီကကူးတာပါ။ 


Photo - xinhua

ရောဂါကူးစက်ခံရသူ တစ်ယောက်ဟာ ကိုယ်ခံအားကောင်းပြီး လျောက်သွားနေရင် တခြားလူတွေကို ကူးစက်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းတဲ့သူအချင်းချင်း ကူးလာရင် contact tracing လိုက်ဖို့ခက်ပါတယ်။  တစ်ကယ်လို့ ကိုယ်ခံအားနည်းတဲ့ သူတွေသာ ကူးမိရင် တစ်မိသားစုလုံး ရောဂါကူးပါပြီ။ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေမယ်ဆိုရင် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိတ်ပူရပါတယ်။ လဲကျတဲ့သူတွေ၊ စောင့်ကြည့်ကာလအတွင်း သေဆုံးသွားသူတွေကလည်း စိုးရိမ်စရာကောင်းပါတယ်။  

နောက်တစ်ချက်က အိမ်မှာကုနေတဲ့သူနဲ့ နီးစပ်ရာဆေးခန်းသွားတဲ့သူတွေကြောင့် တိတ်တဆိတ် ကူးစက်ခံရသူတွေများလာသလို ကျန်းမာရေးဝန်ထမ်းထဲက လူနာနဲ့အရင်တွေ့ရတဲ့ သူနာပြုဆရာမတွေလည်း ကူးစက်သူများလာပါတယ်။ သူနာပြုဆရာမတွေကူးစက်ခံရပြီဆိုရင် သူတို့နဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လူနာတွေလည်း ကူးစက်ပါပြီ။ 

ဒီနေရာမှာ လာအိုနိုင်ငံက ထိန်းချုပ်ခဲ့ပုံတစ်ခုကို ပြောပြချင်ပါတယ်။ လာအိုမှာ ကိုရိုနာစဖြစ်တော့ အရင်ဆုံး ရပ်ကွက်ဆေးခန်းနဲ့ ပုဂ္ဂလိကဆေးရုံတွေကို အရင်ပိတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးရှိတဲ့သူ အရင်ပြတဲ့နေရာတွေ ဖြစ်လို့ပါ။ သာမန်ဆေးခန်းနဲ့ဆေးရုံတွေဟာ တိတ်တဆိတ်ပိုးသယ်ဆောင်သူတွေကို မသိနိုင်ဘူးလို့ လာအိုအစိုးရက ယူဆပြီးပိတ်လိုက်တာပါ။ ဒါကြောင့် ရောဂါလက္ခဏာပြသူတွေ လာစရာ ကျန်းမာရေးဌာနပဲရှိပါတော့တယ်။ ဒီလိုမှ မဟုတ်ဘဲ ဆေးခန်းတွေ၊နီးစပ်ရာဆေးရုံတွေ ဆက်ဖွင့်ထားမယ်ဆိုရင် ကူးစက်မှုကို ဖြတ်တောက်နိုင်မှာ မဟုတ်ပါဘူး။ ဆေးခန်းနဲ့ပုဂ္ဂလိကဆေးရုံက ဝန်ထမ်းတွေလည်း နေ့စဥ်နဲ့အမျှအန္တရာယ် ရှိနေပါတယ်။ 

အိန္ဒိယက တစ်ချို့မြို့တွေဆိုရင် ပါရာစီတမောဝယ်တာနဲ့ ကျန်းမာရေးဌာနကိုချက်ခြင်းဖုန်းဆက်ခိုင်းတာ၊ မှတ်တမ်းယူထားတာတွေရှိပါတယ်။

လောလောဆယ် တိတ်တဆိတ်ရောဂါပိုးသယ်ဆောင်သူတွေ ရှာနေဆဲအချိန်ဆိုတော့ ဖြစ်နိုင်ရင် မလိုအပ်ဘဲ အပြင်မထွက်တာကောင်းပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း သတိထား သွားလာဖို့လိုပါတယ်။ မိမိမှာရောဂါလက္ခဏာတွေ့ရင် ကျန်းမာရေးဌာနဆီ အမြန်သွားဖို့လိုပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူပြည်သားအားလုံး

ကူးစက်ရောဂါကင်းဝေးပြီး

ကျန်းမာကြပါစေ


UWaiLin

WeMedia


Ref -Dr.KyawLwin,Laotimes


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။