
အိမ်ကကားယူပြီး လန်ဘော်ဂီနီသွားဝယ်တဲ့ ငါးနှစ်သား
ကလေးတွေမှာ လိုချင်တာလေးအများကြီး ရှိပါတယ်။ သူတို့ လိုချင်တာရဖို့ဆိုရင် ငိုရမလား၊ ဂျီကျရမလားနည်းလမ်းမျိုးစုံသုံးလေ့ရှိပါတယ်။
Photo - Utah Police
ဒီလိုသမာရိုးကျနည်းတွေမသုံးဘဲ လိုချင်တာ သွားယူတဲ့ ကလေးတစ်ယောက်သတင်း အမေရိကန်မှာနာမည်ကြီး နေပါတယ်။
အမေရိကန်နိုင်ငံ ယူတက်ပြည်နယ်က ငါးနှစ်သား ကလေးတစ်ဦးဟာ သူလိုချင်တဲ့လန်ဘော်ဂီနီကား မဝယ်ပေးလို့ အိမ်ကကားယူပြီး သွားဝယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
မိဘတွေ မသိအောင် ကားယူပြီး သွားဝယ်တဲ့ကလေးကို ယူတက်ယာဥ်ထိန်းရဲတပ်ဖွဲ့ကတွေ့ရှိပြီး ထိန်းသိမ်းခဲ့ပါတယ်။
"ဒီမနက် ကျွန်တော်တို့ ကင်းလှည့်နေတုန်း
မသင်္ကာဖွယ်ရာကားတစ်စီးတွေ့လို့ နောက်က လိုက်တားခဲ့ပါတယ်။ ကားက အရက်မူးတဲ့သူတစ်ယောက်မောင်းသလို ယောင်ထိုးနေပါတယ်။ ဒါကြောင့် စပီတာကရပ်ခိုင်းပြီး စစ်ဆေးတဲ့အခါ ငါးနှစ်သားတစ်ယောက်တက်မောင်းနေတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်"လို့ ယူတက်ယာဥ်ထိန်းရဲတစ်ဦးကဆိုပါတယ်။ ကလေးငယ်နဲ့ ယာဥ်ထိန်းရဲပြောဆိုပုံတွေကို ဖော်ပြလိုက်ပါတယ်။
Photo - sbs
ယာဥ်ထိန်းရဲ...."မင်း..ဘယ်သွားမလိုလဲ"
ကလေး..."လန်ဘော်ဂီနီသွားဝယ်မလို့ပါ"
ယာဥ်ထိန်း..."မိဘတွေမသိဘူးလား"
ကလေး..."အမေနဲ့စကားများပြီး သူမသိအောင် ကားယူလာတာပါ။ လူကြီးတွေလစ်တုန်း သော့ယူပြီး မောင်းလာတာပါ"
ယာဥ်ထိန်းရဲ..."မင်းကိုဘယ်သူ ကားမောင်းသင်ပေးလဲ"
ကလေး..."ဘယ်သူ့မှ မသင်ပေးဘူး..ကိုယ့်ဟာ ကိုယ်ကြည့်ထားတာ"'
ယာဥ်ထိန်းရဲ..."မင်းမှာ ဘယ်လောက်ပါလို့ လန်ဘော်ဂီနီသွားဝယ်မှာလဲ"
ကလေး..."ကျွန်တော့်မှာ သုံးဒေါ်လာပါတယ်"
ယာဥ်ထိန်းရဲတွေလည်း အင်တာဗျူးပြီးတာနဲ့ဆရာသမားကို ခေါ်ပြီး မိဘတွေလက်ပြန်အပ်ခဲ့ပါတယ်။
ကလေးမောင်းလာတဲ့ကားဖမ်းမိတဲ့ အကွာအဝေးနဲ့ သူ့အိမ်အကွာအဝေးတွက်ကြည့်ရင် နှစ်မိုင်လောက်ရှိနေပါပြီ။ နှစ်မိုင်ခရီးကို SUV ကားနဲ့ မတိုက်အောင် မောင်းလာတဲ့ skill က နည်းတဲ့ skill တော့ မဟုတ်ပါဘူး။
မျက်မြင်သက်သေတစ်ချို့က ကားကိုတွေ့ပေမယ့် အရက်မူးသမားမောင်းနေတာထင်လို့ ရှောင်ကွင်းခဲ့တယ်လို့ဆိုပါတယ်။
ကလေးကိုဖမ်းမိချိန်မှာ ရှိုက်ကြီးတငင်ငိုနေပြီး တစ်ခွန်းဆီမေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ ကလေးကားမောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယူတက်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသလို CNN အပါအဝင်မီဒီယာတွေမှာလည်း အကျယ်တဝန့်ဖော်ပြခဲ့ပါတယ်။ မိဘတွေကတော့ သူတို့သား ကားမမောင်းတတ်ကြောင်း၊ ခုလိုအဖြစ်အပျက် ပထမဆုံးမြင်ဖူးတာပါလို့ ဖြေရှင်းခဲ့ပါတယ်။ မိဘတွေကိုတော့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
ကံကောင်းစွာနဲ့ ဆရာသမားငါးနှစ်သားတော့ ဒဏ်ရာမရခဲ့ပါဘူး။ မီဒီယာတွေကြားမှာတော့ ကလေးငယ်ရဲ့အသက်ကို သံသယရှိနေပေမယ့် မွေးစာရင်းအရ မှန်ကန်တယ်လို့ဆိုပါတယ်။
WaiLin
WeMedia
Ref - Utahnews,SBSNews
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။