ဝါရှင်တန်မြို့အတွင်း Covid-19 lockdown သက်တမ်းကိုတိုးမြှင့်

ဝါရှင်တန်မြို့တော်ဝန်ဟာ မေလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီကို Covid-19 ကူးစက်ပြန့်နှံ့မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် lockdown ကာလကို တိုးမြှင့်လိုက်ပါတယ်။ အမေရိကန်တစ်ဝန်း Lockdown တွေ ဖြေလျှော့နေသည့်တိုင် အခုလိုဆုံးဖြတ်ချက်ချမှတ်ခဲ့တာဘဲ ဖြစ်ပါတယ်။


Photo Credit - RFA

သောကြာနေ့မှာသက်တမ်းကုန်ဆုံးမယ့် ကိုယ့်အိမ်မှာဘဲကိုယ်နေဖို့ ထုတ်ပြန်ထားတဲ့အမိန့်ကို ဇွန်လ ၈ ရက်နေ့ထိ တိုးမြှင့်လိုက်တာဖြစ်ပြီး မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာတော့ ကန့်သတ်မှုတွေကို ဖြေလျှော့မှုတွေရှိနေပါတယ်။အဆိုပါပြည်နယ်နှစ်ခုက စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်နေပေမယ့် မြို့တော်ဝါရှင်တန်နဲ့ အနီးအနားကိုတော့ ကူးလူးသွားလားခွင့် ပိတ်ပင်ထားတာပါ။


Photo Credit - CNN

Covid-19 ဖြစ်ပွားမှုနေ့စဉ်အရေအတွက်ဟာ လျော့နည်းမလာဘဲ သေဆုံးနှုန်းတွေကလည်း ကျဆင်းမသွား သေးတာကြောင့် အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့မြို့တော်ဝန် Muriel Bowser ကဆိုပါတယ်။ ပြည်သူလူထုတွေအတွင်းကူးစက်မှုတွေက အရှိန်အဟုန်ကြီးစွာကျန်ရှိနေသေးပြီးတော့ ဝါရှင်တန်နဲ့အနီးအနား ပြည်နယ်တွေဖြစ်တဲ့ မေရီလန်းနဲက ဗာဂျီးနီးယားပြည်နယ်တွေမှာလည်း ကူးစက်မှုတွေမြင့်တက်လျက်ရှိတယ် လို့သူမက ထပ်မံပြောဆိုထားပါတယ်။


Photo Credit - CNN

ဝါရှင်တန်ဒီစီမှာ ကူးစက်မှုပေါင်း ၆၅၈၄ ခုနဲ့ သေဆုံးမှုပေါင်း ၃၅၀ ခန့်ရှိနေပြီး ဒါဟာ ဆေးရုံဆေးခန်းတွေက အချက်အလက်တွေသာဖြစ်တယ်လို့ ဆိုပါတယ်။သူမရဲ့အမိန့်ထဲမှာတော့ မြို့တော်ထဲမှာ ကူးစက်မှုနဲ့ သေဆုံးနှုန်းတွေက သူတို့သတ်မှတ်ထားတဲ့စံနှုန်းအောက် မကျဆင်းသေးတာကြောင့် ပြန်ဖွင့်ဖို့အချိန်မတန် သေးဘူးလို့ယူဆတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်းမှာတော့ lockdown တွေကိုဖြေလျှော့ပေးနေပြီး သမ္မတဒေါ်နယ်လ်ထရမ့်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် စီးပွားရေးကိုပုံမှန်အတိုင်းပြန်လည်လည်ပါတ်စေချင်တယ်လို့ ပြောဆိုထားပြီး ပြည်နယ်တွေကိုတော့ ကိုယ်ပိုင်ကန့်သတ်ချက်ထုတ်ပိုင်ခွင့်ပေးထားပါတယ်။

Phone Khant

We Media

Source – CNA

Original Link - https://www.channelnewsasia.com/news/world/washington-mayor-extends-us-capital-s-covid-19-lockdown-12730958

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။