ကလေးသရုပ်ဆောင်ကနေ နာမည်ကျော်မင်းသမီးချောလေး ဖြစ်လာတဲ့ Kim Yoo-jung

“Moon Embracing the Sun” ဇာတ်လမ်းတွဲထဲက ခေါင်းဆောင်မင်းသမီးဇာတ်ကောင် Heo Yeon-woo ရဲ့ ငယ်ဘဝဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်မင်းသမီးလေးကို မှတ်မိကြမယ်ထင်ပါ တယ်။ မျက်လုံးဝိုင်းစက်စက်လေးနဲ့ သရုပ်ဆောင်လည်း ကောင်းတဲ့ အဲဒီကလေးမလေးဟာ အခုချိန်မှာတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးချောတစ်လက် ဖြစ်နေပါပြီ။


Image Credit: Pinterest

အဲဒီကောင်မလေးကတော့ Kim Yoo-jung ပါ။ ကလေးသရုပ်ဆောင်ဘဝကနေ အရွယ်ရောက်ပြီး မင်းသမီး နေရာကို ရောက်ရှိလာတဲ့ ယူဂျောင်းဟာ  အခုအချိန်မှာ အသက် ၂၀ အရွယ်သာ ရှိသေးပေမဲ့ သူမရဲ့ အနုပညာ အတွေ့အကြုံကတော့ မသေးလှပါဘူး။


Image Credit: Channel-Korea

“Korea’s Little Sister” အဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ သူမဟာ ၂၀၁၇ ခုနှစ်တုန်းက Forbes မဂ္ဂဇင်းကြီးရဲ့ Korea Power Celebrity များစာရင်းမှာ နံပါတ် ၈ နေရာရရှိခဲ့ပြီး အဲဒီလိုစာရင်းထဲပါဝင်ခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။


Image Credit: Pinterest

ယူဂျောင်းကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မွေးချင်း ၃ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ သူမအသက် ၄ နှစ်အရွယ်၊ ၂၀၀၃ ခုနှစ်ကတည်းက အနုပညာလောကထဲ စတင်ရောက်ရှိခဲ့ပါတယ်။ Goyang အနုပညာ အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။

Image Credit: Pinterest

အသက်ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ပါရမီထူးတဲ့ ယူဂျောင်းဟာ ကိုရီးယားက ကလေးသရုပ်ဆောင် မင်းသမီးငယ်တွေထဲမှာ ကမ်းလှမ်းအခံရဆုံးမင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမ ၅ တန်းအရွယ် လောက်မှာပဲ ရုပ်ရှင် ၁၅ ခုနဲ့ ဇာတ်လမ်းတွဲ ၁၃ ခုအထိ ရိုက်ကူးပြီးနေပါပြီ။ ၂၀၀၈ ခုနှစ်မှာ သူမအတွက် ပထမဆုံးအဖြစ် အကောင်းဆုံးကလေးသရုပ်ဆောင်မင်းသမီးဆုကို ရရှိခဲ့ပါတယ်။


Image Credit: Soompi

၂၀၁၂ ခုနှစ်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Moon Embracing the Sun” ဇာတ်လမ်းတွဲမှာတော့ သူမဟာ လူသိ ပိုများပြီး နာမည်ပိုကြီးလာပါတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း အရွယ်ရောက်ပြီးမင်းသမီးလေး ဖြစ်လာခဲ့တဲ့ ယူဂျောင်းဟာ ၂၀၁၆ ခုနှစ်ရဲ့ “Love in the Moonlight” ဇာတ်လမ်းတွဲ မှာတော့ မင်းသား Park Bo-gum နဲ့ အတူ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းမှာ သူမဟာ ဆုရခဲ့ရုံတင်မကဘဲ အရွယ်ရောက်ပြီး မင်းသမီး တစ်လက်အဖြစ် ပိုမိုနာမည်ကျော်လူသိများလာခဲ့ပါတယ်။


Image Credit: Pinterest

၂၀၁၈ ခုနှစ်က မင်းသား Yoon Kyun-sang နဲ့အတူ သူမခေါင်းဆောင်ပါဝင်ထားတဲ့ “Clean with Passion for Now” ဇာတ်လမ်းဟာလည်း လူသိများပါတယ်။ အသက် ၂၀ သာရှိသေးပေမဲ့ အနုပညာသက်တမ်း ၁၆ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသမီးချောလေးဟာ သူမရဲ့အနုပညာသက်တမ်းမှာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်း ၅၀ ကျော်ကို ရိုက်ကူးခဲ့ရပါတယ်။အသိအမှတ်ပြု ဆုပေါင်းများစွာကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။


Image Credit: Pinterest

အခုလက်ရှိအချိန်မှာလည်း Kim Yoo-jung ဟာ “Convenience Store Saet Byul” လို့နာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်မှာ အသက် ၃၃ နှစ် အရွယ် တောင်ကိုရီးယားမင်းသားချော Ji Chang Wook နဲ့အတူ ခေါင်းဆောင်ပါဝင်ထားပါတယ်။ အဲဒီဇာတ်လမ်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်နေ့က စပြီး SBS ရုပ်သံလိုင်းကနေ အပတ်စဉ်သောကြာနဲ့ စနေနေ့ညတိုင်းမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။


Image Credit: Pinterest

Katie Scarlett

We Media

Source: Wikipedia/ Kim Yoo-jung


 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။