
လာမယ့်တစ်ပတ်မှာ အထူးအပိုင်း ၂ ပိုင်း ထပ်မံထုတ်လွှင့်ဦးမယ့် “The World of the Married”
ပြီးခဲ့တဲ့တစ်ပတ်က ဇာတ်သိမ်းသွားခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ “The World of the Married” ရဲ့ ပရိသတ်တွေအတွက် သတင်း ကောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ လာမယ့်တစ်ပတ်သောကြာနဲ့ စနေည (မေ ၂၂ နဲ့ ၂၃ ရက်နေ့ည) မှာ The World of the Married ဇာတ်လမ်းတွဲအတွက် အထူးအပိုင်း (Special Episode) ၂ ပိုင်းကို JTBC က ထပ်မံထုတ်လွှင့်ပေးသွားမယ် ဆိုတာပါပဲ။
Image Credit: KStarLive
The World of the Married ဟာ စတင်ပြသချိန်ကတည်းက ကြည့်ရှုနှုန်းကောင်းခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နိုင်ငံတကာပရိသတ်တွေကြား ရေပန်းစားလာခဲ့တာပါ။ ဇာတ်မသိမ်းခင်ကတည်းက တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေအားလုံးထဲမှာ ကြည့်ရှုနှုန်းအများဆုံးအဖြစ် စံချိန်တင်သွားခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။
Image Credit: Pinterest
ပရိသတ်တွေအနေနဲ့ ရင်တထိတ်ထိတ် စောင့်မျှော်ကြည့်ရှုခဲ့ကြရတဲ့ အဲဒီဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းသွားခဲ့ပေမဲ့လည်း ပရိသတ်တွေ အလွမ်းပြေကြည်ရှုနိုင်ဖို့အတွက် special episode အဖြစ် ၂ ပိုင်း ထပ်လာဦးမှာ ဖြစ်ပါ တယ်။
ဒါပေမဲ့ ထပ်မံပြသမယ့် special episode မှာတော့ ဇာတ်လမ်းကို ထပ်ဆက်မှာမဟုတ်ဘဲ ဇာတ်လမ်းရိုက်ကူး စဉ်က ရိုက်ကွင်းနောက်ကွယ်က အကြောင်းအရာတွေနဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေ ပါဝင်မယ်လို့ သိရပါတယ်။
Image Credit: The Korea Times
အဲဒါကြောင့် ပရိသတ်တွေအနေနဲ့ ကြည့်ရှုနှုန်းအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ “The World of the Married” လို ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဘယ်လိုဖန်တီးခဲ့ကြတယ်ဆိုတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို တွေ့မြင်ရမှာဖြစ်သလို သရုပ်ဆောင်တွေရဲ့ အတွေ့အကြုံနဲ့ ခံစားချက် တွေကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။
Image Credit: Pinterest
AGB Nielsen ရဲ့ ဖော်ပြချက်အရ ဇာတ်သိမ်းပိုင်းမှာ ကိုရီးယားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ rating 28.37% အထိ ရရှိခဲ့တဲ့ JTBC ရုပ်သံလိုင်းရဲ့ “The World of the Married” ဟာ လက်ရှိမှာ ၅၆ ကြိမ်မြောက် Baeksang အနုပညာထူးချွန်ဆုပေးပွဲကြီးမှာလည်း ဆန်ခါတင်ဆုများစွာ စာရင်းဝင်နေတာ ဖြစ်ပါတယ်။
Image Credit: Pinterest
The World of the Married ဇာတ်လမ်းတွဲမှာ တောင်ကိုရီးယားမင်းသမီးကြီး Kim Hee-ae နဲ့ မင်းသား Park Hae-joon နဲ့ မင်းသမီးချောလေး Han So-hee တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာက တော့ Mo Wan-il ဖြစ်ပါတယ်။
Katie Scarlett
We Media
Source: Wikipedia
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။