ကိုဗစ်ကာလအတွင်း စင်္ကာပူရဲ့မူအသစ်အရ Live ဗီဒီယိုနဲ့ မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲလေး

အခုကာလအတွင်းမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် လူစုလူဝေးမလုပ်ရသလို မင်္ဂလာပွဲတွေလည်း မကျင်းပကြရပါဘူး။ ဒါပေမဲ့ စင်္ကာပူနိုင်ငံက စုံတွဲတချို့ကတော့ နှစ်ဦးတည်းအခမ်းအနားကျင်းပပြီး အွန်လိုင်း ကနေ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဧည့်သည်တွေဟာ လူကိုယ်တိုင်တက်ရောက်တာမဟုတ်ဘဲ အွန်လိုင်းကနေပဲ မင်္ဂလာစုံတွဲတွေကို ဂုဏ်ပြုပေးခဲ့ကြတာပါ။


Image Credit: The Straits Times

စင်္ကာပူနိုင်ငံမှာ အာဏာပိုင်တွေအနေနဲ့ အခုလအစောပိုင်းကတည်းက အခုလိုကာအတွင်းမှာ Virtual Marriage လက်ထပ်ပွဲမျိုးကို ခွင့်ပြုပေးဖို့ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမူသစ်အရ မင်္ဂလာစုံတွဲတွေဟာ အွန်လိုင်း Live ဗီဒီယိုကနေတဆင့် နှစ်ဦးတည်း အခမ်းအနာကျင်းပခွင့် ရကြမှာပါ။

တချို့က မင်္ဂလာနေ့ရက်ကို မိဘဆွေမျိုး၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ ဆင်နွှဲဖို့အတွက် မင်္ဂလာပွဲ ကျင်းပခွင့်ပြန်ရမယ့် ရက်ကို စောင့်နေကြပေမဲ့ တချို့ကလည်း အွန်လိုင်းကနေတဆင့်ပဲ Live ဗီဒီယိုနဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါတယ်။


Image Credit: The Straits Times

အဲဒီလို Live ဗီဒီယိုနဲ့ Virtual Marriage အခမ်းအနားကို ကျင်းပခဲ့ကြသူတွေထဲမှာ ပရော်ဖက်ရှင်နယ်မိတ်ကပ် ပညာရှင်တစ်ယောက်ဖြစ်တဲ့ Ms Lim Ding Yi နဲ့ သူမရဲ့ချစ်သူ Mr. Gan တို့လည်း ပါဝင်ပါတယ်။ သူတို့စုံတွဲ ဟာ စင်္ကာပူမှာ အဲဒီလိုအခမ်းအနားနဲ့မင်္ဂလာဆောင်ကြမယ့် ပထမဆုံး အသုတ် စုံတွဲ ၃၂ တွဲထဲမှာ အပါအဝင် ဖြစ်ပါတယ်။

မူလကတော့ သူမတို့စုံတွဲဟာ မေလအတွင်း ဟိုတယ်တစ်ခုမှာ ဧည့်သည် ၃၀၀ နဲ့ မင်္ဂလာပွဲဆင်နွှဲဖို့ စီစဉ်ထားခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအစား မေလ ၂၀ ရက်နေ့မှာတော့ Ms. Lim ဟာ ရိုးရှင်းတဲ့မိတ်ကပ်အပြင်အဆင်၊ ရိုးရှင်းတဲ့ အဖြူရောင်ဂါဝန်တို့ကို ဝတ်ဆင်ပြီး ၆ နှစ်တာ ရည်းစား သက်တမ်းရှိခဲ့တဲ့ သူမရဲ့ချစ်သူ Jeremy Gan နဲ့ Live ဗီဒီယိုကနေ လက်ဆက်ခဲ့ပါတယ်။


Image Credit: Ms Lim Ding Yi  via CNA

Live ဗီဒီယိုကနေတဆင့် ကျင်းပခဲ့တဲ့ သူတို့ရဲ့ Virtual မင်္ဂလာအခမ်းအနားကို သူတို့နှစ်ဦးရဲ့အရင်းနှီးဆုံး မိသားစု၊ သူငယ်ချင်း ၁၀ ဦးက ပါဝင် ဆင်နွှဲခဲ့ကြပြီး လူပေါင်း ၆၀ လောက်က သူတို့ရဲ့မင်္ဂလာဆောင်ဗီဒီယိုထဲ က ပျော်ရွှင်မှုပုံရိပ်ကို အွန်လိုင်းမှာ မျှဝေပေးခဲ့ကြပါတယ်။

သတို့သားဖြစ်သူ Mr. Gan က “ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူးလေ။ ဒီတော့ လုပ်နိုင်တဲ့ အချိန်လေး လုပ်လိုက်တာပါ။ အချိန်လည်း ထပ်မဆွဲချင်တော့ဘူး။” လို့ ဆိုပါတယ်။ ဒါ့ပြင် “ကျွန်တော်တို့ နောင်တမရပါဘူး။ အခုလိုလုပ်လိုက်ရတာ ပျော်ပါတယ်” လို့လည်း သူကဆက်ပြောခဲ့ပါတယ်။


Image Credit: The Straits Times

ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာပွဲကို လူပေါင်းများစွာနဲ့ မကျင်းပဖြစ်ပေမဲ့ နှစ်ဦးဘဝပေါင်းဖက်ဖို့အတွက် ပိုအရေးကြီး တယ်လို့ ခံယူထားတဲ့ Ms. Lim နဲ့ Mr. Gan တို့လို မင်္ဂလာစုံတွဲလေးတွေအတွက်ကတော့ ကြည်နူးစရာ အတွေ့အကြုံတစ်ခု ဖြစ်မှာပါ။

Katie Scarlett
We Media

Source: CNA

Original Link: https://www.channelnewsasia.com/news/singapore/virtual-weddings-solemnisation-covid-19-circuit-breaker-12755490?fbclid=IwAR3qoMAiIpWTwVitP_CfBqn5tTtmA1BqIk7pv5C3TLLNZPHY-4g_3Pr7Nn8



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။