လက်တစ်လုံးခြား (၂)

လက်တစ်လုံးခြား (၂)


Image Credit - military.com

အဲ့ဒီနောက်မှာတော့ အစ္စရေးလေတပ်ဟာ F-16 I, F15C, F-16 Lightning Falcon, AH-64D လို မြေပြင်ဝေဟင်တိုက်ခိုက်ရေးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေစုဖွဲ့ပြီး ဆီးရီးယားလေကာစနစ်တွေကို ဖျက်ဆီးပစ်ဖို့လုပ်ပါတယ်။ အဲဒီထိုးစစ်ဟာ လက်ဘနွန်စစ်ပွဲနောက်ပိုင်းအကြီးဆုံး လေကြောင်းထိုးစစ်ဖြစ်ပြီး ခန့်မှန်းခြေ တိုက်လေယာဉ် နဲ့ အနိမ့်ပျံလေယာဉ်ပေါင်း ၂၀၀ ကျော်လောက်ပါဝင်ခဲ့တယ်။

အစ္စရေးဘက်ကအထင်ကတော့ ဒီလောက် fire power တွေနဲ့ဆို ဆီးရီးယားလေကာစနစ်တွေကိုကျောက်ခေတ်ပြန်ရောက်သွားလောက်အောင် ချေမှုန်းပစ်လို့ရမှာပဲ။ တကယ်တမ်း စစ်ဆင်ရေးစတင်တဲ့အခါမှာတော့ အစ္စရေးတို့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။ ဆီးရီးယားစစ်တပ်ဟာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ကြိုတင်သတင်းရရှိခဲ့ပြီး လေကာစနစ်တွေကို ရွှေ့ပြောင်းထားတာကြောင့် လေကာစနစ်အနည်းငယ်၊ အဆောက်အဦ နဲ့ လေယာဉ်ပစ်စက်သေနတ်ကြီးတစ်ချို့ကိုပဲ ဖျက်ဆီးနိုင်ခဲ့တယ်။

အကြောင်းကတော့ ရုရှား နဲ့ အစ္စရေး စစ်ဆင်ရေးဆိုင်ရာသဘောတူညီချက်ကစပါတယ်။ ရုရှားက ဆီးရီးယားနိုင်ငံကို S-400 လေကာစနစ်တွေပေးပို့ခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ဆီးရီးယားကို ဝင်မတိုက်ခင် ရုရှားတို့ကို ကြိုတင်အသိပေးဖို့သဘောတူညီထားတယ်။ အပြန်အလှန်အနေနဲ့ ရုရှားစစ်တပ်က အစ္စရေးကို ဝင်မရှုပ်ပါဘူးလို့ကတိခံထားပါတယ်။ ဒါပေမယ့် အခုစစ်ဆင်ရေးမစတင်မီ မိနစ် ၉၀ အလိုမှာ အစ္စရေးက ရုရှားကိုသတိပေးခဲ့ပြီး ရုရှားဘက်က ဆီးရီးယားကို လျှို့ဝှက်သတင်းပေးခဲ့တာကြောင့် အဲဒီစစ်ဆင်ရေးက အရာမရောက်ခဲ့ဘူး။

ရလာဒ်အနေနဲ့ စစ်ဆင်ရေးမအောင်မြင်သလို ဆီးရီးယားလေကာစနစ်တွေဘေးကင်းခဲ့ပြီး အစ္စရေးလေယာဉ်တွေလည်း တစ်စီးမှ မထိခိုက်ခဲ့ပါဘူး။

ရုရှားရဲ့ စည်းကမ်းဖောက်ဖျက်တဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ၂၀၁၈ စက်တင်ဘာမှာ လက်စားပြန်ချေခဲ့တယ်။ ဆီးရီးယားနိုင်ငံထဲက ဟစ်ဇ်ဘိုလာပြောက်ကြားပစ်မှတ်တွေကို အစ္စရေးလေယာဉ်တွေရှာဖွေဖျက်ဆီးနေချိန်မှာ ရုရှားလုပ် လျူရှင် ၂၀ (LLYUSHIN-20 Reconnaissance) ထောက်လှမ်းရေးလေယာဉ်ကြီးက ကောင်းကင်ပေါ်ကိုရောက်လာပါတယ်။ အစ္စရေး F-22 တွေက အဲဒီလေယာဉ်ကြီးကို အကာအကွယ်ယူပြီး မြေပြင်ပစ်မှတ်တွေကို ချေမှုန်းကြတယ်။ အဲ့ဒီအချိန်မှာ အောက်ကပစ်ခတ်လိုက်တဲ့ S-200 ဒုံးတစ်လုံးဟာ ရုရှလေယာဉ်ကြီးကို တိုက်ရိုက်ထိမှန်ပါတော့တယ်။

အကြောင်းကတော့ အစ္စရေး F-22 တွေဟာ သေးငယ်လျင်မြန်တာကြောင့် အရွယ်အစားကြီးပြီး နှေးကွေးတဲ့ ရီကွန်းထောက်လှမ်းရေးလေယာဉ်ကြီးကို ဒုံးကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖြစ်ရပ်အတွင်း ရုရှားလေယာဉ်ပေါ်ပါလာတဲ့ လေယာဉ်အမှုထမ်း ၁၅ ဦးစလုံးသေဆုံးခဲ့တယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ရုရှားမီဒီယာတွေက အစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။ အကြောင်းက အစ္စရေးအနေနဲ့ လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် ရုရှားတို့ကို သတိမပေးခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် အစ္စရေးဘက်က အဲ့ဒီအချက်ကို ပြန်လည်ဖြေရှင်းခဲ့တယ်။ အဲ့ဒါကတော့ လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် တစ်မိနစ်အလိုမှာ ရုရှားတို့ကိုသတိပေးခဲ့တယ် ဆိုတာပါပဲ။

အဲ့ဒီလို တစ်မိနစ်အလိုမှ သတိပေးခဲ့တဲ့အတွက် ထောက်လှမ်းရေးလေယာဉ်က ရှောင်ဖို့မဖြစ်နိုင်တော့ပဲ ပစ်ချခံရတာဖြစ်ပါတယ်။ သေချာပြန်ကြည့်မယ်ဆိုရင် ရုရှားတို့ဟာ အစ္စရေးနဲ့သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ဆီးရီးယားတို့ကိုသတင်းပေးခဲ့တာကြောင့် အစ္စရေးကလည်း စည်းထဲဘောင်ထဲကနေပဲ ရုရှားတို့ကို ပညာပြန်ပေးခဲ့တာဖြစ်ပါတယ်။

သတင်းမပေးဘူးမဟုတ်၊ ပေးပါတယ်။ ဒါပေမယ့် တစ်မိနစ်အလိုကျမှပါ။

Gabriel
WE Media


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။