၁၉၈၇ လေယာဥ်ပျက်ကျမှုအစိတ်အပိုင်းများ ပြန်လည်ရှာဖွေရန် မြန်မာနှင့်တောင်ကိုရီးယား သဘောတူညီမှုရရှိ

၁၉၈၇ခုနှစ်၊ ကပ္ပလီပင်လယ်အတွင်း ပျက်ခဲ့သော တောင်ကိုရီးယားလေကြောင်းလိုင်း Flight 878 ၏ အစိတ်အပိုင်းအချို့ ပြန်လည်ရှာဖွေရန် မြန်မာအစိုးရနှင့်တောင်ကိုရီးယားအစိုးရတို့ သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ကိုရီးယားသမ္မတမိုဂျီအင်းက လေယာဥ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ပြန်လည်စုံစမ်းရန် ကြာသပတေးနေ့က ညွှန်ကြားထားကြောင်း တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရသိရှိရပါသည်။


ပြန်လည်ရှာဖွေမည့် အစီအစဥ်အသေးစိတ်ကို မြန်မာအစိုးရနှင့်ညှိနှိုင်းလျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထုတ်လွှင့်ပြသခဲ့သည့် တီဗီအစီအစဥ်တစ်ခု၌ လေယာဥ်ပျက်ကျမှု ပြန်လည်စုံစမ်းသည့် အစီအစဥ်တစ်ခုပါရှိခဲ့ရာမှ လူသိများလာခြင်းဖြစ်သည်။ အပျက်အစီးများကို 3D Sonar စနစ်သုံးကာ ပြန်လည်ရှာဖွေခဲ့ပြီး တံငါသည်များက ပင်လယ်ကြမ်းပြင်အောက် ပေ ၁၆၄ တွင် ကြီးမားသည့်အရာတစ်ခုတွေ့ရှိရသည်ဟု အစီအစဥ်တွင်ဖော်ပြခဲ့သည်။


ကနဦးရှာဖွေရေးအဖွဲ့၏ အဆိုအရ ၃၃ ပေ ရှည်သော တောင်ပံတစ်ခုကိုတွေ့ရှိရပြီး အင်ဂျင်ကို ပြန်လည်ရှာဖွေနိုင်မည်ဟု ယုံကြည်နေကြသည်။

အဆိုပါလေယာဥ်သည် ၁၉၈၇ နိုဝင်ဘာ ၂၉ ရက်နေ့ ဘတ်ဂဒတ်မြို့မှ ဆိုးလ်မြို့သို့ပျံသန်းခဲ့ပြီး ဘန်ကောက်တွင် ယာယီမရပ်နားခင် မြန်မာ့ကမ်းရိုးတန်းအနီး ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဥ်ပေါ်တွင် ခရီးသည်နှင့်လေယာဥ်ဝန်ထမ်း ၁၁၉ ဦးပါဝင်ပြီး လေယာဥ်ပေါ်လိုက်ပါသူအားလုံးသေဆုံးခဲ့သည်။


အဆိုပါလေယာဥ်ကို ဗုံး​ထောင်ခဲ့သည့် မြောက်ကိုရီးယား အကြမ်းဖက်သမားနှစ်ဦးဖမ်းဆီးရမိပြီး ကင်ဟွန်ဟူး ဆိုသည့်အမျိုးသမီးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

၁၉၈၇ လေယာဥ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယင်းအချိန်က သမ္မတချွန်ဒူးဟွမ်ခေါင်းဆောင်သော အစိုးရအဖွဲ့က ရှာဖွေစုံစမ်းမှုများ မပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရပါသည်။

လေယာဥ်ပျက်မှုနှင့် ပတ်သက်သည့် တီဗီအစီအစဥ်တစ်ခုကို ထုတ်လွှင့်ပြီး မကြာခင် ကျန်ရစ်သူမိသားစုဝင်များက အစိုးရကို ပြန်လည်စုံစမ်းပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့သော လေယာဥ်ပျက်ကျမှုကို ကျန်ရစ်သူမိသားစုများအပြင် အခြားအဖွဲ့အစည်းများက အသေးစိတ်သိရှိလိုကြောင်း ပြောကြားနေကြသည်။

အဆိုပါဖြစ်စဥ်မတိုင်ခင် ၁၉၈၃ခုနှစ် ရန်ကုန်မြို့ အာဇာနည်ကုန်း၌ မြောက်ကိုရီးယားစပိုင်များက တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်ရှိခဲ့ဖူးသည်။

Source - UPI

photo - VOA,Kr

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။