ကလေးတွေကို အဆိပ်တိုက်ပြီး လိုင်းပေါ်မှာ အလှူခံစားတဲ့ အမျိုးသမီး ဖမ်းဆီးရမိ

နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ယောက်ကို အဆိပ်တိုက်ပြီး အင်တာနက်ပေါ်မှာ အလှူခံစားတဲ့ အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ယနေ့ဖမ်းဆီးလိုက်ပါတယ်။

ဘန်ကောက်မြို့ ဒွန်မောင်းခရိုင်က အိမ်တစ်အိမ်မှာ ကလေးငယ်တစ်ယောက်ကို အဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်ပါတယ်။


photo - bangkokpost

ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး ဆပ်သီပေါက "ပင်လယ်စာစားမိလို့ အလက်ဂျစ်ဖြစ်တယ်ဆိုပြီး  ကလေးကို ဆေးရုံခေါ်လာတာပါ။ ကလေးက ယောက်ျားလေး၊ နှစ်နှစ်သားပဲရှိပါသေးတယ်။ ဆေးရုံက သံသယရှိလို့ အိမ်ပြန်လွှတ်ပြီး ရဲနဲ့ဝင်ဖမ်းခဲ့တာပါ"လို့ ပြောခဲ့ပါတယ်။

"ဆရာဝန်တွေ စစ်ဆေးကြည့်တဲ့အခါ ကလေးက အရမ်းအန်နေတယ်။ ပါးစပ်ထဲမှာလည်း ဓာတုဗေဒ ဆေးရည်အချို့တွေ့ရပါတယ်။ အလက်ဂျစ်ဖြစ်တယ်ဆိုပြီး လိမ်ပြတာပါ"လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။


photo - bangkokpost

"ဆေးရုံဝန်ထမ်းတွေက သံသယရှိလို့ ကလေးရဲ့ မွေးစာရင်းကို ယူကြည့်တဲ့အခါ အဖေနာမည်ထည့်ထားတာမတွေ့ရဘူး။ အမေအရင်းဆိုရင် DNA စစ်မယ်ပြောတာကိုလည်း လက်မခံဘူး။ဒါကြောင့် ရဲခေါ်ပြီး အိမ်မှာ ဖမ်းခိုင်းလိုက်တာဖြစ်တယ်" ဆေးရုံ တာဝန်ခံတစ်ဦးကဆိုပါတယ်။

လောလောဆယ် ကလေးငယ်ရဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်အောင် ကုသနေပြီး ခြောက်လလောက်အနားယူရမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သူမဟာ အရင်ကလည်း လေးနှစ်အရွယ်ကလေးငယ်တစ်ဦးကို အလားတူဒဏ်ရာ​တွေနဲ့ဆေးရုံကိုလိမ်ပြခဲ့ဖူးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မွေးစာရင်းကို ပြန်လည်စစ်ဆေးတဲ့အခါ မိခင်အရင်းမဟုတ်ဘဲ အခြားမိဘအမည်တွေကို တွေ့ခဲ့ရပါတယ်။

ရဲအရာရှိတစ်ဦးက " ဒီအမျိုးသမီး နာမည်ပြောင်းတာ လေးခါရှိပါပြီ။ ကလေးနေမကောင်းရင် ပို့စ်တင်ပြီး အွန်လိုင်းမှာအလှူခံတယ်လို့ ထွက်ဆိုထားပါတယ်။ အသေးစိတ်ကို စုံစမ်းပြီး အမှုတည်ဆောက်နေပါတယ်"လို့ ပြောပြခဲ့ပါတယ်။

photo - bangkokpost

source - bangkokpost

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။