၆ ထပ်တိုက်အပြင်မှာတွဲလွဲကျနေတဲ့ ကလေးကို ကယ်ဆယ်ခဲ့တဲ့ သူရဲကောင်းအမျိုးသား

တရုတ်နိုင်ငံက ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ယောက်ဟာ တကယ့်လက်တွေ့ဘဝရဲ့ Spider-man အဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။ အကြောင်းကတော့ သူဟာ ၆ ထပ်တိုက်ရဲ့ လေသာဆောင်မှာ တွဲလွဲဖြစ်နေတဲ့ ကလေးငယ်တစ်ယောက်ကို ဘာအကူအညီမှမပါဘဲ လက်ဗလာနဲ့ သွားရောက်ကယ်ဆယ်ခဲ့တာကြောင့်ပါပဲ။


Image Credit: Sichuan Observer/Weibo

မျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုအရဆိုရင် တရုတ်နိုင်ငံက ဆားဗစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အဆိုပါအမျိုးသားဟာ ဝရန်တာအပြင်ဘက်မှာ တွဲလွဲလေးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။ သူဟာ ကလေးမလေးကို မြင်တာနဲ့ ဘာအကူအညီမှမပါဘဲ တိုက်နံရံတွေ ကို သက်စွန့်ဆံဖျားကုပ်တွယ်ရင်း ကလေးဆီ အရောက်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကလေးဆီကိုရောက်တာနဲ့ ကလေးငယ်ကိုမချီပြီး ပြတင်းပေါက်ကနေတဆင့် အိမ်အတွင်းထဲကို ပြန် လည် ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် ဖြစ်ခဲ့တာဟာ ၆ ထပ်တိုက်ပေါ်မှာ ဖြစ်တာကြောင့် တော်ရုံ သတ္တိနဲ့ အဲဒီလိုဘာအထောက်အကူပစ္စည်းမှမပါဘဲ သွားရဲဖို့ဆိုတာ တကယ်မလွယ်လှပါဘူး။


Image Credit: Sichuan Observer/Weibo

အဆိုပါအင်ဂျင်နီယာအမျိုးသားဟာ Hu Yunchuan ဆိုသူဖြစ်ပါတယ်။ ကလေးမလေးတစ်ယောက် ပြတင်း ပေါက်ပေါ်တက်ရာက မတော်တဆဖြစ်ပြီး အဆောက်အအုံအပြင်မှာ တွဲလွဲဖြစ်နေချိန်မှာတော့ သူဟာ အဲဒီအနီး ဝန်းကျင်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပါ။ အဲဒီအချက်ကပဲ ကလေးငယ်အတွက် အတော်ကံကောင်းသွား တယ်လို့ ဆိုရမှာပါ။


Image Credit: Sichuan Observer/Weibo

အဲဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း Sichuan ပြည်နယ်၊ Zigong မှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့၊ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ အဲဒီလိုကယ်ဆယ်ပြီးတဲ့နောက်မှာတော့ Hu Yunchuan ရဲ့ ရဲစွမ်းသတ္တိနဲ့ ကလေးငယ်ကို အသက်ကယ်ဆယ်ပေးခဲ့တဲ့ အကျိုးဆောင်မှုအတွက် သူ့ကုမ္ပဏီကနေ သူ့ကို တိုက်ခန်းအသစ်တစ်ခန်း ဆုချခဲ့တယ်လို့လည်း သိရပါတယ်။


Image Credit: Sichuan Observer/Weibo

အဲဒီလိုဆုချတဲ့အကြောင်းကို ကုမ္ပဏီကနေ ဆိုရှယ်မီဒီယာကနေတဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် Hu Yunchuan ကိုလည်း တကယ့်လက်တွေ့ဘဝရဲ့ “Spider-man” အဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

https://videos.dailymail.co.uk/video/mol/2020/05/22/5580503391667862558/1024x576_MP4_5580503391667862558.mp4



Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8348153/Spider-man-cleaner-scales-buildings-fa-ade-bare-hands-save-five-year-old-girl.html?fbclid=IwAR2Gy9Hb2bJuS4oilDo7wseCirz0FKGAqQg3XaFPV7W2MVPoBe0hoxmO__o

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။