ကိုဗစ်ကူးစက်ခံရပြီးချိန်မှာ တောင့်တင်းတဲ့ခန္ဓာကိုယ်ကနေ လူပိန်လေးအသွင်ပြောင်းလဲသွားခဲ့သူ

Coronavirus ကူးစက်ခံရပြီးနောက် နေပြန်ကောင်းလာတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးချိန်မှာ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို အများ ပြည်သူကို ပြသခဲ့ပါတယ်။


Image Credit: New York Post

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Francisco မြို့က Mike Schultz ဟာ သူနာပြုတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ရောဂါကူးစက်ခံခဲ့ရပေမဲ့ တခြားရောဂါအခံမရှိတာကြောင့် ဆေးရုံမှာ ရက်သတ္တပတ်အတော်ကြာ ကုသခဲ့ပြီးနောက်မှာ ရောဂါပြန်လည် သက်သာလာခဲ့ပါတယ်။


Image Credit: BuzzFeed News

ဒါပေမဲ့ ရောဂါကူးစက်ခံလိုက်ရတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ ရှိနေပါတယ်။ အဲဒါကတော့ သူ့ရဲ့ခန္ဓာကိုယ် အပြောင်းအလဲဖြစ်ပါတယ်။ သူဟာ မူလက ပေါင် ၁၉၀ ရှိတဲ့ သန်သန်မာမာအမျိုးသားတစ်ယောက်ဖြစ် ပြီး အမြဲတမ်းလေ့ကျင့်ခန်းလုပ်နေသူဖြစ်တာကြောင့် six pack နဲ့ တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူပါ။


Image Credit: Instagram

ကိုရိုနာကူးစက်ခံရပြီး ဆေးရုံမှာ ၆ ပတ်လောက် နေလိုက်ရတဲ့အချိန်အတွင်းမှာတော့ သူ့ရဲ့ခန္ဓာကိုယ်ဟာ အပြောင်းလဲကြီး ပြောင်းလဲ သွားခဲ့ပါတယ်။ သူဟာ ပေါင် ၅၀ တိတိ ထိုးကျသွားခဲ့ပြီး ပုံထဲမှာမြင်ရတဲ့အတိုင်း ခပ်ပိန်ပိန်လူတစ်ယောက်အသွင်ကို ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။


Image Credit: WION

Mike Schultz ဟာ သူ့ရဲ့လုံးဝပြောင်းလဲသွားခဲ့တဲ့ ခန္ဓာကိုယ်အသွင်နှစ်ခုကို နှိုင်းယှဉ်ပြီး follower ပေါင်း ၃ သောင်းကျော်ရှိတဲံ သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ သူမဖျားခင် ၁ လလောက်အလိုက် ရိုက်ကူး ခဲ့တဲ့ ဓာတ်ပုံနဲ့ ဆေးရုံက ပြန်ဆင်းလာပြီးနောက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတို့ကို နှိုင်းယှဉ်ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။


Image Credit: BuzzFeed News

“ဘယ်သူမဆို လူတိုင်း ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်ပြချင်တာပါ။ အသက်ကြီးကြီးငယ်ငယ်၊ ကျန်းမာရေးကောင်းကောင်း မကောင်းကောင်း ဖြစ်နိုင်ပါတယ်။” လို့ Schultz က ပြောထားပါတယ်။ ဒါ့ပြင်သူက “စစချင်းတုန်းကတော့ ဒီလောက်ပြင်းထန်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး။ ကျွန်တော်က ငယ်သေးတယ် သိပ်မဖြစ်နိုင်ဘူးလို့ပဲ ထင်ထားခဲ့တာ။ လူတော်တာ်များများလည်း ကျွန်တော့်လိုပဲ တွေးကြမယ်လို့ ထင်တယ်” လို့လည်း သူက ဆိုပါတယ်။


Image Credit: Galatta

Schultz ဟာ မတ်လ ၁၆ ရက်နေ့ကတည်းက ဆေးရုံစတက်ခဲ့ရတာဖြစ်ပါတယ်။ ပထမတော့ တစ်ပတ် လောက်ပဲတက်ရမယ်လို့ သူ့ကိုယ်သူထင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ ဆေးရုံမှာ ၆ ပတ်လောက် ကြာသွားခဲ့ပါတယ်။


Image Credit: Instagram

သူက ကိုရိုနာဗိုင်းရပ်စ်ကို လျှော့မတွက်ကြဖို့ အခုလိုဆက်ပြောထားပါသေးတယ်။ “ကျွန်တော်အရမ်း အားနည်းသွားခဲ့တယ်။ တော်တော်အံ့သြစရာပဲ။ ကိုယ့်ဖုန်းတောင်ကိုယ် မကိုင်နိုင်လောက်တဲ့အထိပါ။ စာတောင်မရိုက်နိုင်ပါဘူး၊ လက်တွေအရမ်းကို တုန်ယင်နေတာကြောင့်ပါ” လို့ သူကဆိုခဲ့ပါတယ်။

Katie Scarlett
We Media

Source: New York Post

Original Link: https://nypost.com/2020/05/20/coronavirus-survivor-shares-shocking-photo-of-his-body-in-hospital/

ဆက်စပ်ရှာဖွေမှုများ - NDTV, Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။