လာမယ့်ဆောင်းဦးရာသီမှာပိုပြင်းထန်တဲ့ ကိုဗစ်-၁၉ လှိုင်းဥရောပကိုပြန်ဝင်လာနိုင်ကြောင်း WHO သတိပေး

လာမယ့်ဆောင်းဦးရာသီမှာ ပိုပြီးပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဥရောပတိုက်နိုင်ငံတွေမှာ ကူးစက်နှုန်း နဲ့ သေဆုံးနှုန်းတွေကျဆင်းလာပေမယ့် သတိကြီးကြီးထားပြီး နိုးနိုးကြားကြားနေကြဖို့ မှာကြားခဲ့တာဖြစ်ပါတယ်။


image credit - independent.co.uk

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ စိုးရိမ်တဲ့အကြောင်းအရာတစ်ခုက ဆောင်းဦးရာသီတွေမှာဖြစ်တတ်တဲ့ တုပ်ကွေး နဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ဝက်သက်ရောဂါတွေပါ နောက်ဆက်တွဲလိုက်လာမှာမယ့်အကြောင်းဖြစ်ပါတယ်။

တစ်ကျော့ပြန်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးက တောင်ကိုရီးယား နဲ့ တရုတ်နိုင်ငံတို့ကို ထောက်ပြပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန့်မြို့မှာ ရောဂါသက်သာလာသူတွေများပြားလာလို့ lockdown အနည်းငယ်ပြန်လည်ဖြေလျှော့ပြီးနောက်မှာပဲ ရောဂါကူးစက်မှုတစ်ချို့ပြန်လည်ဖြစ်ပေါ်ခဲ့တာပါ။ နောက်ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်မှုဆက်တိုက်ကျဆင်းနေခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်ကပဲ ရောဂါဖြစ်ပွားမှုအသစ်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှုး ဒေါက်တာကလာ့ခ် က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှေးကွေးနေချိန်မှာ ရတဲ့အချိန်ကိုလုပြီး ကျန်းမာရေးစနစ်တွေအားကောင်းအောင်ပြုလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာ ကလာ့ခ် အနေနဲ့ ဗြိတိန်၊ စပိန်၊ အီတလီ နဲ့ ဥရောပဒေသအချို့မှာ ကူးစက်မှုကျဆင်းလာပြီး ကာဇက်စတန်၊ ရုရှား၊ ယူကရိန်း နဲ့ ဘယ်လာရုစ် လိုနိုင်ငံတွေဆီမှာ ကူးစက်မှုမြင့်တက်လာတာဟာ ဥရောပဒေသမှာ ရောဂါပျောက်သွားပြီလို့သတ်မှတ်လို့မရကြောင်း နဲ့ ရောဂါတစ်ကျော့ပြန်လည်လာပြီး ပိုမိုအားကောင်းတဲ့ကူးစက်မှုတွေဖြစ်ဖို့အစပျိုးနေတာသာဖြစ်ကြောင်းထပ်မံပြောဆိုခဲ့ပါတယ်။

Gabriel
WE Media
Source - Independent
Original Link - https://www.independent.co.uk/news/health/coronavirus-deaths-autumn-winter-uk-europe-who-kluge-a9514891.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။