ချင်းပြည်နယ်မှာ ဝက်အားနည်းရောဂါ(PCV-2)ကြောင့် ဝက်များသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် ဝက် ၁၈၇  ကောင် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရပါတယ်။


အဆိုပါ ဝက်သေဆုံးမှုအခြေအနေများနဲ့ ပတ်သက်ပြီး တိတိကျကျသိရှိစေရန်  ကျန်းမာရေးမကောင်းသည့် အိမ်မွေးဝက် သုံးကောင်၏ သွေးနမူနာ (Blood Sample) များရယူပြီး မန္တလေး တိစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဝက်အားနည်းရောဂါဟာ အိမ်မွေးဝက်နဲ့ တောဝက်တွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစားခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများ ဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးခြင်း စတဲ့ ရောဂါလက္ခဏာများ တွေ့ရပါတယ်။ ၎င်းရောဂါဟာ လူသို့ကူးစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာ ကူးစက်နိုင်သည့် ရောဂါဖြစ်ကြောင်း သိရပါတယ်။


ဝက်အားနည်းရောဂါ ကာကွယ်နိုင်ဖို့အတွက် ထိရောက်သော ရောဂါကုသဆေးမရှိသေးဘူးလို့ သိရပါတယ်။ 

အဆိုပါ ဝက်အားနည်းရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူရေးတိစ္ဆာန်များကို လုံခြုံသောခြံဝန်းဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်းအဝင်အထွက် ထိန်းချုပ်ခြင်း၊ သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း စသည့် အပိုင်း (၃)ပိုင်းဖြင့် အဓိကထား ဆောင်ရွက်ရမယ်လို့ ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလျန်ဘွေး က ပြောပါတယ်။

Source - MOI

Photo - AP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။