
Floyd သေဆုံးမှုအတွက်အဖမ်းခံရတဲ့ ရဲအရာရှိကို US ရဲ့ လုံခြုံဆုံးအကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ထားရ
အာဖရိကန်-အမေရိကန်အမျိုးသား George Floyd သေဆုံးမှုအတွက် အလုပ်ထုတ်ခံရပြီး လူသတ်မှုနဲ့ အဖမ်းခံ ထားရတဲ့ Minneapolis ရဲအရာရှိ Derek Chauvin ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက အမေရိကန်မှာရှိတဲ့ အလုံခြုံ ဆုံး အကျဉ်းထောင်တစ်ခုဆီကို ပြောင်းရွှေ့ထားရတယ်လို့ Daily Mail ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
Image Credit: Daily Mail
အဆိုပါရဲအရာရှိဟာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့က George Floyd ကို မှားယွင်းစွပ်စွဲကာ လည်ပင်း ပေါ် ဒူးနဲ့ထောက်ပြီး ဖမ်းဆီးခဲ့ တာကြောင့် အဲဒီနေရာမှာတင် Floyd အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စကိုအစပြုပြီး အမေရိကန်တစ်နိုင်ငံလုံးမှာ ပြင်းထန်တဲ့ ဆူပူဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
Image Credit: Instagram
အဆိုပါရဲဟာ သေဆုံးသူ အသက် ၄၆ နှစ်အရွယ် George Floyd ကို ဒေါ်လာ ၂၀ တန် အတုသုံးစွဲတယ်လို့ မှားယွင်းစွပ်စွဲပြီး ကြမ်းတမ်းစွာ ဖမ်းဆီးခဲ့တာကြောင့် အခုလိုသေဆုံးသွားခဲ့ရတာပါ။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုတစ်လုံးက အမျက်ထွက်နေကြတာ ဖြစ်ပါတယ်။
Image Credit: Daily Mail
အဲဒါကြောင့်လည်း လူသတ်မှုနဲ့အဖမ်းခံထားရတဲ့ အဆိုပါရဲကို တနင်္ဂနွေနေ့တုန်းက အမေရိကန်ရဲ့ လုံခြုံဆုံး အကျဉ်းထောင်တစ်ခုဖြစ်သလို လုံခြုံရေးအစီအမံများစွာရှိတဲ့ မင်နီဆိုးတားက Oak Park Heights အကျဉ်း ထောင်ဆီ ပြောင်းရွှေ့ထားရှိခဲ့ရတာပါ။
အသက် ၄၄ နှစ်အရွယ် Derek Chauvin ဟာ George Floyd ကို သေစေမှုနဲ့ မေလ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လာမယ့် ဇွန်လ ၈ ရက်မှာ ပထမဆုံးအနေနဲ့ တရားခွင်ကို ဝင်ရောက်ရမှာပါ။
Image Credit: Daily Mail
Chauvin ကို ပြောင်းရွှေ့လိုက်တဲ့ Oak Park Heights အကျဉ်းထောင်မှာ လက်ရှိ လူသတ်တရားခံပေါင်း ၂၉၇ ဦး၊ မဒိန်းမှုကျူးလွန်ခဲ့သူ ၆၉ ဦးနဲ့ ပြန်ပေးသမား ၈ ဦး ရှိပါတယ်။ အဆိုပါအကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရတဲ့ တရားခံစုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းလောက်ဟာ လူမည်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
TMZ ရဲ့သတင်းဖော်ပြချက်အရဆိုရင် အကျဉ်းထောင်အတွင်းမှာ Chauvin ကို တစ်ချိန်လုံး ကင်မရာနဲ့ မျက်ခြေ မပျက်စောင့်ကြည့်နေပြီး ၁၅ မိနစ်တစ်ခါ သူ့ရဲ့အကျဉ်းခန်းဆီ သွားရောက်စစ်ဆေးမှု ပြုလုပ်တယ်လို့လည်း ဆိုပါတယ်။
Katie Scarlett
We Media
Source: Daily Mail
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။