အမေရိကန်ကနေအစပြုခဲ့တဲ့ George Floyd ဆန္ဒပြပွဲတွေ နိုင်ငံတကာအထိ ပျံ့နှံ့လာ

အမေရိကန်ပြည်ထောင်စုဟာ COVID-19 ကူးစက်မှုဒဏ်ကို အဆုံးရွားဆုံးခံစားနေရတဲ့ နိုင်ငံဖြစ်ပေမဲ့လည်း အခုလက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာ ပြင်းထန်တဲ့ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတဲ့ သတင်းတွေက နိုင်ငံတကာ သတင်းမီဒီယာတွေထက်မှာ နေရာယူထားပါတယ်။


(White House in Washington, DC, Image Credit: AFP)

မေလ ၂၅ ရက်နေ့က အသက် ၄၆ နှစ်အရွယ် အာဖရိကန်-အမေရိကန်အမျိုးသား George Floyd ဟာ ပြီးခဲ့တဲ့ Minneapolis ရဲဌာနက လူဖြူ ရဲအရာရှိတစ်ယောက်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုကြောင့် သေဆုံးသွားခဲ့ရ ပါတယ်။ အဲဒီရဲအရာရှိဟာ George Floyd ကို မှားယွင်းစွပ်စွဲကာ သူ့ရဲ့လည်ပင်းကို ဒူးနဲ့ထောက်ကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို အကြောင်းပြုပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာပါ။


Image Credit: Getty Images

အစပိုင်းက ပြည်နယ်တချို့မှာသာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့အရှိန်အဟုန်ဟာ တဖြည်းဖြည်းပိုတိုးလာပြီး အခု ဆိုရင် အမေရိကန်ရဲ့ ပြည်နယ် ၅၀ ကျော်အထိ ရိုက်ခတ်ပျံ့နှံ့သွားခဲ့ပါပြီ။ ဒါ့ပြင် အမေရိကန်တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ဆူပူဆန္ဒပြပွဲတွေကနေတဆင့် နိုင်ငံပြင်ပအထိပါ ကူးစက်လာပါတယ်။


Image Credit: AFP via The Statesman

အမေရိကန်ပြင်ပအထိ ကူးစက်ပြီး George Floyd မတရားသေဆုံးရမှုနဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ်၊ အီတလီ၊ ဆီးရီးယား၊ ဘရာဇီး၊ မက္ကဆီကို၊ အိုင်ယာလန်၊ နယူးဇီလန်၊ ကနေဒါ၊ ပိုလန်နဲ့ သြစတြေးလျနိုင်ငံတို့လည်း ပါဝင်လာခဲ့ပါ တယ်။


Image Credit: CNN

ဗြိတိန်မှာဆိုရင် လူအများကြီးမစုဝေးရတဲ့ နိုင်ငံတွင်း lockdown စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်ပိုင်းကစလို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တချို့ဆိုရင် အမေရိကန်သံရုံးအထိ ချီတက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာလည်း အမေရိကန်သံရုံးရှေ့မှာ ချီတက်ဆန္ဒထုတ်ဖော် ခဲ့ကြတာပါ။

(England, Image Credit: Getty Image)

ပြင်သစ်နိုင်ငံမှာတော့ “I can’t breathe” (အသက်ရှူလို့မရတော့ဘူး)၊ “We are all George Floyd” (ငါတို့ အားလုံး ဂျော့ဖလွိုက်တွေပဲ) ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အီတလီမှာ လည်း ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေကိုရှေ့ချပြီး ဒူးထောက်ကာ လည်ပင်းကိုလက်နှစ်ဖက်နဲ့ ကိုင်လျှက် အသက်ရှူမဝတဲ့ အမူအယာမျိုး သရုပ်ဖော်ခဲ့ကြပါတယ်။


Image Credit: CNN

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် Auckland မှာလည်း လူပေါင်း ၄ ထောင်လောက်ဟာ George Floyd မတရားသေဆုံးရမှုအပြင် နိုင်ငံအတွင်း မှာ ရဲတွေရဲ့အကြမ်းဖက်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


(New Zealand protesters, Image Credit: AFP)

COVID-19 ကူးစက်မှုတင်မက အခုလိုပြင်းထန်တဲ့ ဆန္ဒပြပွဲဖြစ်ပွားမှုတွေကြောင့် လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပေါ် ပြစ်တင် ဝေဖန်မှုတွေလည်း မြင့်တက်လျှက်ရှိပါတယ်။ လက်ရှိမှာ ကိုဗစ်အရေးမပြီးသေးခင် နောက်ထပ်အရေးကိစ္စကြီးထပ်မံပေါ်ပေါက်လာတဲ့ အမေရိကန်အတွက်တော့ တစ်ပူပေါ် နောက်တစ်ပူ ထပ်ဆင့်လာတာပါပဲ။ အမေရိကန်ကနေစတင်တဲ့ မီးပွားဟာ နောက်ထပ်ဘယ်နိုင်ငံတွေအထိ ပျံ့နှံ့လာမလဲဆိုတာ ကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။


Image Credit: The Conversation


Image Credit: The New York Times

Katie Scarlett
We Media

Source: The Wall Street Journal

Original Link: https://www.wsj.com/articles/george-floyds-death-in-u-s-sparks-outcry-abroad-11591123234

ဆက်စပ်ရှာဖွေမှုများ - Aljazeera, CBS News, CNN, France24, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။