အိန္ဒိယမှာ ကိုယ်ဝန်ဆောင်ဆင်မကြီးကို အစာထဲမိုင်းထည့်ကျွေးလို့ သေဆုံး

ကိုယ်ဝန်ရှိနေတဲ့ ဆင်တစ်ကောင်ကို သူစားတဲ့အစာထဲမှာ မိုင်းတစ်လုံးထည့်ပြီး ဖောက်ခွဲခဲ့လို့ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခု အိန္ဒိယနိုင်ငံ၊ မလာပူရမ်ဒေသမှာ မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

image credit - hindustantimes

အဆိုပါ ဆင်ဟာ ဗျောက်အိုး နဲ့ ပေါက်ကွဲပစ္စည်းတွေ အပြည့်ပါနေတဲ့ နာနတ်သီးတစ်လုံးကို စားမိခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုက သူမရဲ့ အောက်မေးရိုးကို အပိုင်းပိုင်းကျိုးသွားစေခဲ့တယ်။

မေလ(၂၃)ရက်နေ့က ဆင်တစ်ကောင်သစ်တောကြိုးဝိုင်းထဲလှည့်လည်သွားလာနေတဲ့သတင်းကို သစ်တောအရာရှိတွေရရှိခဲ့ပြီး ဝန်ထမ်းတွေက ဆင်ကို သွားကြည့်တဲ့အခါ ဆင်ရဲ့ မေးရိုးက ပေါက်ကွဲမှုကြောင့် ကြေမွနေပြီဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အပြောအရ ဆင်ဟာ ရေရှိတဲ့နေရာရောက်ဖို့ ၂၄ နာရီကြာအောင် ကြိုးစားသွားလာခဲ့ရပြီး မေလ ၂၄ ရက်နေ့ကျမှ ဗယ်လီယာမြစ်ထဲကို ရောက်ရှိခဲ့တာဖြစ်တယ်။ 

image credit - hindustantimes

ဝန်ထမ်းတွေ ရောက်ရှိချိန်မှာ ဆင်မကြီးဟာ သေလုမြောပါးဖြစ်နေပြီး ရေကိုသာ သောက်နိုင်တော့တယ်။ ဝန်ထမ်းတွေက တိရစ္ဆာန်ဆရာဝန်တွေကို ခေါ်ခဲ့ပေမယ့် ဆင်ရဲ့အခြေအနေက ဆိုးဝါးလာခဲ့ပါတယဲ။ အဲဒီနောက် မြစ်ထဲကနေ ဆယ်ယူဖို့ကြိုးစားနေချိန်မှာပဲ ဆင်မကြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆင်မကြီးဟာ နာကျင်မှုကနေ သက်သာစေဖို့ ရေတွေအမြောက်အများသောက်ခဲ့တာကြောင့် ဗိုက်ထဲမှာ ရေတွေနဲ့ပြည့်နေခဲ့ပါတယ်။

image credit - hindustantimes

လက်ရှိမှာတော့ အဆိုပါ ဆင်သေဆုံးခဲ့တဲ့အကြောင်းရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

Gabriel
WE Media
Source - Hindustantimes
Original Link - https://m.hindustantimes.com/india-news/pregnant-elephant-dies-after-being-fed-pineapple-stuffed-with-crackers/story-WJtSwUfIegXRTDV3Lfo7TP_amp.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။