တစ်ခါစားပြီးတိုင်း နောက်တစ်ခါထပ်စားချင်နေမယ့် “Red Velvet Oreo Lava Cake”

အရမ်းစားကောင်းလို့ တစ်ခါစားပြီးတိုင်း နောက်တစ်ခါထပ်စားချင်နေမယ့် “Red Velvet Oreo Lava Cake” လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ဒီ Lava Cake လေးကတော့ ချစ်စရာကောင်းပြီး လှပတဲ့အသွင်သဏ္ဍန်နဲ့ စားချင်စဖွယ်ဖြစ်လာအောင် ဆွဲဆောင်နိုင်တဲ့အပြင်၊ အရသာလေးကပါ ချိုမြိန်ပြီး စားလို့အရမ်းကောင်းနေတော့ လုံးဝကို perfect ဖြစ်သွားပြီပေါ့…။ ဒါကြောင့် လုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်။

အရင်ဆုံး Oreo ကွတ်ကီး (၅) ချပ်လောက်ကိုယူပြီး၊ ပန်းကန်အသေး (၂) လုံးကိုယူပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Oreo ကွတ်ကီးတွေကို ကွတ်ကီးသက်သက်၊ ခရင်မ် သက်သက် ခွဲထုတ်ပြီး ပန်းကန်ထဲထည့်ပေးပါ။

ရလာတဲ့ Oreo ကွတ်ကီးထဲက ခရင်မ်တွေကို ချိစ်ခရင် (၈) အောင်စနဲ့ ရောမွှေပါမယ်။

ပြီးရင် ရေခဲမုန့်ခပ်တဲ့ဇွန်းလေးနဲ့ခပ်ပြီး၊ ဗန်းထဲကို တန်းစီထည့်ကာ ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။

ပန်းကန်လုံးအကြီးတစ်ခုထဲကို ဂျုံမှုန့် - ခွက် (၂) ခွက်စာနဲ့ ချော့ကလတ်အမှုန့် - လက်ဖက်ရည်ဇွန်း (၃) ဇွန်းစာထည့်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါကို လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ ဆားကိုလည်း လက်ဖက်ရည်ဇွန်း တစ်ဝက်စာပဲ ထည့်ပြီးမွှေပါမယ်။

သမအောင် မွှေပြီးတဲ့အခါမှာတော့ သကြား - ခွက် (၁) ခွက်စာ၊ အရည်ပျော်အောင်လုပ်ထားတဲ့ ထောပတ် - ခွက် (၁) ခွက်စာ၊ နို့ထောပတ် - ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာနဲ့ ကြက်ဥအနှစ်ကြီးပဲ - (၂) လုံးထည့်ပါမယ်။

ပြီးရင် Red food coloring - လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ Apple cider vinegar - လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ Vanilla extract - လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာကိုလည်း ထည့်မွှေပေးပါ။

သမအောင်မွှေပြီးလို့ ပျစ်သွားပြီဆိုရင်တော့ ခုနကလိုပဲ ရေခဲမုန့်ထည့်တဲ့ဇွန်းလေးနဲ့ ယူပြီး၊ ပုံစံခွက်နဲ့ဗန်းထဲကို တန်းစီထည့်ပေးပါ။ ပြီးရင် ခုနက ရေခဲသေတ္တာထဲမှာ အအေးခံထားတဲ့ ခရင်မ်လေးတစ်လုံးကိုယူပြီး၊ ပုံထဲကအတိုင်း အလယ်ကို လိုက်ထိုးထည့်ပေးပါ။ ထည့်ပြီးရင် ဇွန်းလေးနဲ့ ပြန်သပ်ပြီး၊ အပေါ်ကနေ Oreo ကွတ်ကီးချပ်လေးကို တင်လိုက်ရုံပါပဲ။

အားလုံးပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ (၄၀၀) ဒီဂရီ ဖာရင်ဟိုက် ထားပြီး၊ (၁၂) မိနစ်လောက် ထည့်ထားလိုက်ပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အုန်းသီးဖတ် (သို့) ဂျုံမှုန့်လေးတွေကို အပေါ်ကနေဖြူးပြီး စားသုံးလို့ရပါပြီ...။

ဇွန်းလေးနဲ့ခွဲပြီးစားလိုက်တိုင်းမှာ ကျလာတဲ့သူ့ရဲ့ခရင်မ်အရည်တွေကြောင့် စားရတာအရမ်းမိုက်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။