လူမျိုးရေးခွဲခြားမှုမရှိသူကို မဲပေးကြဖို့ အမေရိကန်ပရိသတ်တွေကို နှိုးဆော်လိုက်တဲ့ Taylor Swift

ပရိသတ်အချစ်တော် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ လာမယ့်နိုဝင်ဘာလမှာ ကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ သူမရဲ့ အမေရိကန်ပရိသတ်တွေကို ဆိုရှယ်မီဒီယာကနေတဆင့် တိုက်တန်းလိုက်ပါတယ်။


Image Credit: Pinterest

အသက် ၃၀ နှစ်အရွယ် တေလာဟာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်နိုင်မယ့် ဒေသတွင်းခေါင်းဆောင်နဲ့ ပြည်နယ်ခေါင်းဆောင်တွေကို မဲပေးကြဖို့ သူမရဲ့ Twitter စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

“လူမျိုးခွဲခြားဆက်ဆံမှုက ဒေသတွင်းနဲ့ ပြည်နယ်အစိုးရတွေကြားမှာ အရမ်းကိုအရိုးစွဲနေပြီ။ ပြောင်းလဲမှုတွေ လုပ်ကိုလုပ်သင့်နေပါပြီ” လို့လည်း တေလာက ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူမရဲ့Twitter မှာ ပြောခဲ့ပါတယ်။ #Black Lives Matter ဆိုတဲ့ စာသားကိုလည်း တစ်ပါတည်းရေးသား ထားပါတယ်။


Image Credit: Twitter

ဒါ့ပြင် “ရဲတွေပြောင်းလဲလာဖို့ဆိုတာ ကျွန်မတို့အနေနဲ့လည်း ရဲတွေရဲ့အကြမ်းဖက်မှုနဲ့ ဘယ်လိုလူမျိုးရေးခွဲခြား ဆက်ဆံမှုကိုမဆို ဆန့်ကျင် တိုက်ဖျက်မယ့် လူမျိုးတွေကို ရွေးချယ်မဲပေးကြဖို့ လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။

လူဖြူရဲအရာရှိတစ်ယောက်ရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အာဖရိကန်-အမေရိကန်အမျိုးသား George Floyd သေဆုံးပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ Black Lives Matter အရေးအပေါ် ထောက်ခံကြတဲ့၊ ထောက်ပံ့ပေးကြတဲ့ အနုပညာရှင်များစွာ ရှိပါတယ်။


Image Credit: Twitter

အဲဒီထဲမှာ တေလာဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး အဲဒီအမှုနောက်ပိုင်းကတည်းက တေလာ တစ်ယောက် သူမရဲ့ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေကို လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြဖို့ နှိုးဆော်နေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ သမ္မတထရန့်ကိုလည်း tag တွဲပြီး Black Lives Matter အရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ဝေဖန်ရှုတ်ချခဲ့ပါသေးတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/tvshowbiz/article-8404219/Taylor-Swift-urges-fans-vote-order-combat-racial-inequality.html?fbclid=IwAR0gtl6NMoZ5gWWmAHAuTpzbwio6qq6WOLarJXaKB_TeQpAI3rxsmB1Vrzw


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။