အသက် ၂၈ နှစ်အရွယ်နဲ့ ကြွေလွင့်သွားခဲ့တဲ့ TST အဖွဲ့က Kpop အဆိုတော် Yohan

တောင်ကိုရီးယားနိုင်ငံရဲ့ Kpop အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TST (Top Secret) က အဆိုရှင်တစ်ဦးဖြစ်တဲ့ Yohan ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့၊ ဇွန်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ်။


Image Credit: Pinterest

အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ Kpop အဆိုတော် Yohan ကွယ်လွန်သွားတဲ့သတင်းဟာ ဇွန်လ ၁၆ ရက် နေ့ မနက်က ထွက်ရှိခဲ့တာဖြစ်ပေမဲ့ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။


Image Credit: Pinterest

Yahan သေဆုံးရတဲ့အကြောင်းအရင်းကို မဖော်ပြတာကတော့ သူ့မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ဖြစ်တယ်လို့ SPOTV က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ သူ့ရဲ့ရုပ်ခန္ဓာကို ဆိုးလ်မြို့တော်၊ Sinchon က Severance ဆေးရုံမှာ ထားရှိထားပြီး အသုဘအခမ်းအနား ကိုတော့ ဇွန်လ ၁၈ ရက်နေ့မှာ Yongin မှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။


Image Credit: Pinterest

နာမည်ရင်း Kim Jeong-hwan ခေါ် Yohan ဟာ ၂၀၁၅ ခုနှစ်တုန်းက NOM အဖွဲ့နဲ့ ပထမဆုံးပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ NOM အဖွဲ့ ဖျက်သိမ်း သွားတဲ့နောက်မှာတော့ Yohan တစ်ယောက် ၂၀၁၇ ခုနှစ်မှာ TST (Top Secret) အဖွဲ့နဲ့အတူ ဂီတအလုပ်တွေ လုပ်ခဲ့ပါတယ်။


Image Credit: Pinterest

အခုနှစ် ဇန်နဝါရီလတုန်းက TST အဖွဲ့နဲ့အတူ “Count down” လို့နာမည်ပေးထားတဲ့ တေးအယ်လ်ဘမ် ထွက်ရှိ ခဲ့ပါသေးတယ်။ အဲဒီအယ်လ်ဘမ်ကို promote လုပ်ဖို့အတွက် သူတို့အဖွဲ့ဟာ Social Media နဲ့ V Live ကနေ တဆင့် ပရိသတ်တွေနဲ့ Live ထုတ်လွှင့်တွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။


Image Credit: Pinterest

Yohan ရဲ့ Instagram မှာ နောက်ဆုံး post တင်ထားတာကတော့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖြစ်ပြီး ကမ်းစပ်မှာရပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပါတယ်။ ခပ်ပြုံးပြုံးလေးရှိနေတဲ့ အဲဒီဓာတ်ပုံမှာ “ခရီးသွားချင်တယ်” (I want to go travel) လို့ caption ရေးထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သူ့ရဲ့မွေးနေ့ပွဲကို ဆင်နွှဲခဲ့ပြီး ကိတ်မုန့်နဲ့သူ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါသေးတယ်။


Image Credit: Pinterest

သူ့ပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာကနေတဆင့် Yohan ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ နှမျောတသဖြစ်ရကြောင်းတို့ကို ရေးသားမှတ်ချက်ပေးခဲ့ကြပါတယ်။


Image Credit: Pinterest

Katie Scarlett
We Media

Source: CNA Lifestyle

Original Link: https://cnalifestyle.channelnewsasia.com/trending/k-pop-idol-yohan-tst-top-secret-dies-at-28-12843462?fbclid=IwAR2l348JpbHTOW0SA98TY1Yi_XIBQjbHuHtkD7lLCZBZdvFVTkgVj0MGE9w

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။