သံဖြူဇရပ်မြို့တွင် အဖွားအိုတစ်ဦးနှင့်ကလေးသုံးဦး ထူးဆန်းစွာရေနစ်သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်မြို့ မိန်ဗလာတောင်ခြေမြေကျင်းဟောင်းတွင် အမျိုးသမီး ၃ ဉီးရေနစ်သေဆုံးနေသည်ကိုတွေ့ရှိကြောင်း သတင်းပေးပို့သဖြင့် စခန်းမှူးဒုရဲမှူးဇော်မင်းဦးနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ရေပြင်အကျယ် ပေ၆၀ခန့်၊ ရေအနက်၅ပေခန့်ရှိသည့် မြေကျင်းဟောင်း၏ ရေပြင်အထက်ပေါ်၌ အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းကလေးငယ်နှစ်ဦးသေဆုံးနေသည်ကိုတွေ့ရသည်။


သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးမျိုးသန်းကမိန်းကလေးငယ်တစ်ဦးကို မတွေ့ရသဖြင့် မြို့နယ်နာ​ရေး ကူညီမှုအသင်းနှင့် ပရဟိတအဖွဲ့ဝင်များက ရေငုပ်ရှာဖွေရာ ရေအောက်၌ သေဆုံးနေသူတစ်ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။


ဖြစ်စဉ်အားစစ်ဆေးရာတွင် အခင်းဖြစ်နေရာနှင့်တစ်ဖာလုံခန့်အကွာရှိ ဓမ္မဂရုဏာဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အတွင်းမွန်စာပေ သင်ကြားရန်အတွက် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ မိုးသဇင်(၁၀)နှစ်၊ မရွှေပန်း(၁၂) နှစ်၊ အေးသီရိစံ(၁၂)နှစ်တို့သုံးဦးသည် ဆွေမျိုးတော်စပ်သည့် ကျောင်းကပ္ပိယဒေါ်ခင်(၆၆)နှစ်နှင့်အတူဘုန်းကြီးကျောင်း၌ ညအိပ်ညနေ နေထိုင်ခဲ့ကြပြီး အခင်းဖြစ်​ပွားသည့် ညနေ ၃နာရီတွင် ဘုန်းကြီးကျောင်းဝင်းအပြင်ဖက်၊မြေကျင်းဟောင်းအနီး၌ ၎င်းတို့လေးဦးက ဝဥပင်စိုက်ပျိုးကြောင်း၊ ညနေ၆နာရီဘုရားဝတ်တက်ချိန်၌ ကျောင်းသို့ပြန်လည်မရောက်ရှိသဖြင့်ဆရာတော် နှင့် အတူကျန်ရှိနေသူများက လိုက်လံရှာဖွေရာမြေကျင်းအဆင်းလမ်း ရေစပ်တွင် ၄င်းတို့၏ဖိနပ်လေးရံကိုတွေ့ရှိပြီး၊ရေအိုင်အလယ်၌သေဆုံး နေသူသုံးဦးကိုတွေ့ရှိ၍ သက်ဆိုင်ရာသို့အကြောင်းကြားခြင်းဖြစ်​ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြူဇရပ်ရဲစခန်းက အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Ref - ကျော်ဝင်း(သံဖြူဇရပ်)

Photo - ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း(သံဖြူဇရပ်)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။