မြန်မာ့ပထမဆုံး သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ်အားစက်ရုံ စတင်လည်ပတ်တော့မည်

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး  သဘာဝဓာတ်ငွေ့ရည်မှ  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိရာ မကြာခင် ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ယခုစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်ရှိ သာကေတဓာတ်အားပေးစက်ရုံဝင်းအတွင်းတွင် အကောင်အထည်ဖော်လျက်ရှိသည်။ သာကေတသဘာဝဓာတ်ငွေ့သုံးစက်ရုံ    စီမံကိန်းသည် သဘာဝဓာတ်ငွေ့ရည်မှ သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲပြီး ဓာတ်ငွေ့အင်ဂျင်သုံးကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည် ဖြစ်သည်။


ယင်းစီမံကိန်းကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်ကစတင်ကာ တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါလျောက်ထားသော ကုမ္ပဏီများထဲမှ Consortium of China National Technical Import and Export  Corporation,  V Power  Group holding ltd and V Power Group holding  ltd တို့က တင်ဒါအောင်မြင်ခဲ့ပြီး  စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ခဲ့သည်။

‘‘ဒီစီမံကိန်းကို  အကောင်အထည်ဖော်တာဟာ   ရန်ကုန်မြို့မှာသာမကဘဲ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဓာတ်အားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလို  သဘာဝဓာတ်ငွေ့ရည်မှ ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


ယခု သာကေတဓာတ်အားထုတ်လုပ်ရေး စီမံကိန်းက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀ ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ လတ်တလော ပြည်ပက သယ်ဆောင်လာသည့် သဘာဝဓာတ်ငွေ့ရည်ပမာဏ၊  သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်မျာ၏ စွမ်းအားကြောင့်  ဓာတ်အားမဂ္ဂါဝပ် ၂၀၀  ခန့်သာ ထုတ်ယူရရှိနိုင်သေးသည်။ သို့သော် မကြာခင်ကာလအတွင်း သတ်မှတ်ထားသော ဓာတ်အားအပြည့်အဝကို ရရှိနိုင်မှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူတွေက ပြောပါသည်။

သာကေတ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံအတွက် အသုံးပြုရန် သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသော သင်္ဘောကလည်း ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သဘာဝဓာတ်ငွေ့ရည်များ တင်ဆောင် လာသည့် သင်္ဘောသည် စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ကို ၁၄ ရက် ကြာခန့် ဓာတ်အားထုတ်နိုင်မည်ဖြစ်သည်။ နောက်ထပ် သဘာဝဓာတ်ငွေ့ရည်တင်ဆောင်လာသော သင်္ဘောများလည်း ရောက်ရှိလာမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ရန်ကုန်မြို့တော်ကို မကြာမီအချိန်အတွင်း မီးအပြည့်အဝပေးနိုင်တော့မည်ဖြစ်သည်။


Source - Gas Advisor, AVP, ဇင်လင်းမြင့်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။