ဝေါင်ဝေါင်ရှေးရမယ့် အစားအသောက်များ

အစားအသောက်ကိုမကြိုက်တဲ့လူတော့မရှိဘူးနော်။
တချို့ အစားတစ်လိုင်းသမားတွေဆို ဘယ်လောက်ပဲစျေးကြီးကြီး ဘယ်လောက်ပဲကုန်ကုန် .. ကုန်ချင်သလောက်ကုန်ပါစေ .. စားကောင်းရင်ပြီးရောဆိုပြီး အပြတ်တွယ်ကြတာဗျ။
အဲ .... ဒါပေမဲ့ အခုကျွန်တော်ပြောပြမယ့် အစားအသောက် (ရေခဲမုန့်နဲ့ကိတ်) တွေကတော့ ဘယ်လောက်ပဲကုန်ကုန်ဆိုတဲ့သူတွေတောင် မျက်လုံးပြူးပြီး ဝေါင်ဝေါင်ရှေးသွားရမယ်မှတ် ...။
တခြားတော့မဟုတ် စျေးနှုန်းတွေက ဟိုးကောင်းကင်ပေါ်ကိုကျော်ပြီး အာကာသထဲပါရောက်နေသလားမှတ်ရလို့ဗျို့ …..။

Beyond Gourmet Jelly Beans : $ 500 per Jar

ကဲ … စလာပြီ .. ဒေါ်လာ ၅၀၀ ဆိုတော့ မြန်မာငွေနဲ့တွက်ရင် ဒီနေ့ပေါက်စျေးနဲ့ဆို ခုနှစ်သိန်းကျော်ကျော်ကျမှာ … ။
အမယ်လေးလေး … ဘာတွေများကောင်းနေလို့ အဲလောက်ထိစျေးကြီးနေလဲကြည့်မိတယ် .. ။
ဘယ်ဟုတ်မလဲ .. ဂျယ်လီထည့်တဲ့ပုလင်းကို သလင်းကျောက်နဲ့ပြုလုပ်ထားတဲ့အပြင် အထဲက ဂျယ်လီတောင့်လေးတွေအပေါ်ကိုပါ ၂၄ ကာရက်ရွှေမှုန်လေးတွေဖြူးပေးထားတာကိုးဗျ … ။တော်ပါပြီ .. သိန်းတစ်သောင်းထီမပြောနဲ့ သိန်းပေါင်းတစ်သန်းကျော်ထီပေါက်ရင်တောင်ဝယ်မစားတော့ဘူး ..

Golden Opulence Sundae : $ 1000

ဒူဘိုင်းက Tahitian Vanilla Bean Ice cream ကတော့တစ်မျိုးဗျာ။ အကောင်းဆုံး ကိုကိုး ကနေထုတ်ထားတဲ့ ချောကလက်အနှစ်ရည်ကို ဒတ်ချ်ကလာတဲ့ မလိုင်ဒိန်ခဲ  Amedei Porcelana ၊ ဗနီလာမှုန့်အပြင် ဆန်းဒေးရဲ့အပေါ်မှာလည်း ကာဗီယာ ငါးဥပါတင်ထားလိုက်သေး။အဲဒါကိုမှ ၂၄ ကာရက်ရှိတဲ့ စားလို့ရတဲ့ရွှေပြားပါထပ်အုပ်လိုက်တော့ မြင်တဲ့အတိုင်းပဲ။ ပါးစပ်ကိုပါရွှေချပြီးမှစားရမယ်ထင်ပါရဲ့ …။

The Golden Phoenix Cupcake : $ 1000

နောက်ထပ် ဒူဘိုင်းက စားစရာတစ်မျိုးကတော့ ရွှေမီးဌက်တဲ့ခင်ဗျ ...။
ချောကလက်ကိတ်ရဲ့ဘေးနားပတ်ပတ်လည်ကို ရွှေပြားလေးတွေနဲ့ ဌက်တောင်ပံလိုလှဆင်ပေးထားတဲ့အပြင် ရွှေပြားနဲ့လုပ်ထားတဲ့ချောကလက်ခွက် ... ရွှေမှုန့်ဖြူးထားတဲ့ စားစရာတန်ဆာပလာလေးတွေ ... ရွှေပြားခံထားတဲ့ ကရင်မ်ခွက်အပြင် နောက်ဆုံး အဲဒီချောကလက်ဗန်းကိုတင်ထားတဲ့ stand ကလည်း ၂၄ ကာရက်ရွှေနဲ့အုပ်ထားတာတဲ့ခင်ဗျ …။
ဆိုတော့ကာ ချောကလက်စားပြီးရင်တော့ ဗန်းရော stand ပါ မ သွားရင် ပိုတန်မယ်ထင်တယ်နော်။

A Slice from the Royal Wedding Cake : $ 4160

ပြီးခဲ့တဲ့နှစ်က ဗြိတိန်မှာကျင်းပခဲ့တဲ့ လေလံပွဲတစ်ခုမှာ ထူးထူးဆန်းဆန်းတစ်ခုပါခဲ့တယ် ...။
အဲဒါကတော့ ဗြိတိန်အိမ်ရှေ့မင်းသား ဝီလျံနဲ့ အိမ်ရှေ့မင်းကတော် ကိတ်မစ်ဒယ်တန် တို့ရဲ့မင်္ဂလာပွဲတုံးက ကျန်ရှိနေခဲ့တဲ့ကိတ်မုန့်လေးတစ်တုံးပါ။
မင်္ဂလာပွဲအပြီးနှစ်နှစ်ကျော်ကြာတဲ့အထိ မပျက်မစီးပဲတာရှည်ခံနေတာကတော့ အဲဒီကိတ်မုန့်ရဲ့ထူးခြားချက်ပါပဲ။
အဲဒီကိတ်မုန့်လေးကတော့ အဲဒီတစ်ချက်နဲ့အရသာရှိတာကလွဲရင်ဘာမှပြောစရာသိပ်မရှိပါဘူး။
ဒါပေမဲ့ လေလံပွဲမှာ အဲဒီကိတ်မုန့်အပိုင်းလေးက ဒေါ်လာ ၄၁၆၀ နဲ့ရောင်းထွက်သွားပါသတဲ့ …။

Platinum Cake : $ 130000

မိန်းမတစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ရယူတဲ့နေရာမှာ ပလက်တီနမ်နဲ့ စိန်ထက်ကောင်းတဲ့အရာ ဘာများရှိဦးမှာလဲ။
ဂျပန်လူမျိုး ကိတ်မုန့်ပညာရှင် Nobue Ikara ဟာ ကရင်မ်မျိုးစုံဖုံးအုပ်ထားတဲ့ ကိတ်မုန့်ဖြူလွလွလေးအပေါ်မှာ စိန်နဲ့ ပလက်တီနမ်ကြိုးလေးတွေ တစ်ရစ်ချင်းပတ်လို့ ဒီကိတ်မုန့်ကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ် … ။ သူလက်ဆောင်ပေးဖို့ရည်ရွယ်တဲ့အမျိုးသမီးကတော့ Pacific Rim မင်းသမီး Rinko Kikuchi ပါခင်ဗျ ....။

Diamond Fruitcake : $ 1.65 Million

ရသာစုံ သစ်သီးကိတ်တစ်ခုစားရဖို့အရေး ဒေါ်လာ ၁.၆၅ သန်းအကုန်ခံရမယ်ဆိုရင်တော့ ရေသောက်ပြီးဗိုက်မှောက်နေလိုက်တာကပိုကောင်းပါတယ် နော်။
ဂျပန်လူမျိုးမုန့်ဖုတ်ပညာရှင်တစ်ဦးက နာမည်ကြီးလက်ဝတ်ရတနာဆိုင်တစ်ခုရဲ့ ပရိုမိုးရှင်းပွဲတစ်ခုအတွက် ဒီသစ်သီးစုံကိတ်ကိုပြုလုပ်ခဲ့တာပါ။
ပရိုမိုးရှင်းမစခင် ခြောက်လကတည်းက ကြိုတင်လေ့ကျင့်မှုတွေနဲ့အတူ အဆင့်တွေအများကြီးကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့အပြီးမှာ အခုလိုခြောက်ပြစ်ကင်းသဲလဲစင် ချောမွတ်နေတဲ့ စိန်စီသစ်သီးစုံကိတ်ကိုရရှိခဲ့တာဖြစ်ပါတယ် … ။
သစ်သီးကိတ်ပြုလုပ်တဲ့ ဖော်မြူလာကိုတော့ အထူးလျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားပါတယ် … ။
တန်ဖိုးကြီးစိန်ပွင့်ပေါင်း ၂၂၃ လုံးနဲ့အလှဆင်ထားတဲ့ ဒီကိတ်မုန့်ဟာ အရသာ ရှိမရှိမသိပေမယ့် ကမ္ဘာ့စျေးအကြီးဆုံး သစ်သီးကိတ်အဖြစ် စာရင်းဝင်သွားပြီဖြစ်ပါကြောင်း …။