ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားစစ်ဘက် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်

ရုရှားနိုင်ငံ၌ ရောက်ရှိနေသည့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  Colonel  General  Alexander V.Fomin  နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။ 


တွေ့ဆုံစဉ်  နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်အောင်   ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Army Game ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင်လည်း   ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် “စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊    ဖက်ဒရယ်အဆင့်    စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေး  FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov က  ညွှန်ကြားရေးမှူးချုပ်က    ပေးအပ်ချီးမြှင့်သည့်    ဂုဏ်ထူးဆောင်တံဆိပ်အား လည်းကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။ 


ဇွန် ၂၃ ရက်  မွန်းလွဲပိုင်းက  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ သည်  မော်စကိုမြို့  အနောက်တောင်ဘက်  ကူဘင်ကာမြို့  မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Russian Armed Forces သို့ သွားရောက်လေ့လာခဲ့ကြသည်။ 

ထို့နောက်   ပင်မဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ    ပြတိုက်အတွင်း ဝင်ရောက်၍   ဒုတိယကမ္ဘာစစ်  ဖြစ်ပွားစဉ်ကာလအတွင်း  အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ ဆိုင်ရာ  အသုံးအဆောင်ပစ္စည်းများ၊  ဆက်သွယ်ရေး  အသုံးအဆောင်ပစ္စည်း များနှင့်   စစ်ပွဲများအကြောင်းကို   Program  များဖြင့်   ပြုလုပ်ပြသထားမှုများ ကို   လေ့လာကြည့်ရှုခဲ့ကြပြီး     သိရှိလိုသည်များအား   မေးမြန်းဆွေးနွေးခဲ့ ကြောင်း   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

Ref - တပ်မတော်သတင်းမှန်ပြန်ကြားရေး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။