မင်းသား Choi Tae Joon နဲ့လက်ရှိအချစ်ရေးအခြေအနေကို ထုတ်ပြောလိုက်တဲ့ Park Shin Hye

တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသမီးချော Park Shin Hye နဲ့ သူမရဲ့ချစ်သူ မင်းသားချော Choi Tae Joon တို့ရဲ့ အချစ်ရေးအကြောင်းကို ပရိသတ်အတော်များများလည်း သိပြီးသားဖြစ်မှာပါ။ မင်းသမီးချောဟာ လတ်တလောရုံတင်ပြနေတဲ့ သူမရဲ့ရုပ်ရှင်သစ် “#ALIVE” အတွက် မကြာခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခု မှာ သူမတို့ရဲ့အချစ်ရေး အခြေအနေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။


Image Credit: Pinterest

Park Shin Hye က သူမအနေနဲ့ အတိတ်နဲ့အနာဂတ်ကို အာရုံထားတာထက်စာရင် လက်ရှိအချိန်ကိုပဲ အာရုံ စိုက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အဲဒီအင်တာဗျူးမှာ လတ်တလောစစ်မှုထမ်းတာဝန်ထမ်းဆောင်နေရတဲ့ သူမရဲ့ချစ်သူ Choi Tae Joon အကြောင်းကိုလည်း ထည့်ပြောခဲ့ပါတယ်။


Image Credit: Pinterest

“ကျွန်မတို့ရဲ့အချစ်ရေးကို အများကိုထုတ်ပြဖို့မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်သွားခဲ့တော့လည်း အဆင်ပြေပါတယ်။ ကျွန်မတို့ တော်တော်လေး တည်မြဲနေတုန်းပါပဲ” လို့ သူမက ပြုံးပြုံးရွှင်ရွှင် ပြောဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးချစ်ကြိုက်နေတဲ့အကြောင်းကို ၂၀၁၈ ခုနှစ်၊ မတ်လကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဟာ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်ကတည်းက စတင်ချိန်းတွေ့ခဲ့ကြတာ လို့လည်း သိရပါတယ်။


Image Credit: Pinterest

သူတို့နှစ်ဦးရဲ့အချစ်ရေးကို တရားဝင်အတည်ပြုလိုက်ချိန်တုန်းက fan တချို့က မအံ့သြခဲ့ကြပါဘူး။ အကြောင်းက သူတို့တရားဝင် မကြေညာခင်ကတည်းက ပရိသတ်အတော်များများက ရိပ်မိနေခဲ့တာကြောင့်ပါပဲ။ သူတို့ဟာ ဇာတ်လမ်းတစ်ခုမှာ ဧည့်သည်သရုပ်ဆောင် ပါဝင်ရာမှာ အရမ်းကိုလိုက်ဖက်ညီနေတာကြောင့် ကောလာဟလတွေ ထွက်ရှိခဲ့ပါတယ်။


Image Credit: Pinterest

ဒါ့ပြင် အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးဟာ နိုင်ငံခြားအလည်အပတ်ခရီးကို အတူသွားရောက်ခဲ့ကြတဲ့ပုံတွေ ထွက်ရှိလာခဲ့တာကြောင့် သူတို့ရဲ့ အချစ်ရေးအကြောင်းကို မငြင်းသာတော့ဘဲ ထုတ်ဖော်ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ Park Shin Hye က Choi Tae Joon ထက် ၂ နှစ်နီးပါးလောက် အသက်ပိုကြီးပါတယ်။


Image Credit: Pinterest

ဟိုအရင်က Park Shin Hye ကို သူမရဲ့အချစ်ရေးအကြောင်း မေးမြန်းရာမှာ သူမက လက်ထပ်တဲ့အခါမှ တရားဝင်ကြေညာမယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ “လူသိရှင်ကြား ချိန်းတွေ့စရာမလိုဘူးလို့ ကျွန်မထင်ပါတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကွဲကွဲပြားပြားဖြစ်ဖို့ လိုတယ်လေ။ လက်ထပ်တဲ့အခါကျရင်တော့ ကျွန်မအချစ်ရေး ကို ထုတ်ပြောမှာပါ” လို့ သူမကပြောခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့အချစ်ရေးဟာ မမျှော်လင့်ဘဲ လူသိရှင်ကြားအခြေအနေ ဖြစ်သွားခဲ့တာပါ။  သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီလို့ ကောလာဟလတွေ ထွက်ခဲ့ပေမဲ့လည်း သူတို့ဟာကိုယ်စီအလုပ်တွေလုပ်နေကြရင်းနဲ့ ခိုင်မြဲတဲ့အချစ်ရေးကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။


Image Credit: Pinterest

Katie Scarlett
We Media

Source: Soompi, Koreaboo

Original Link: https://www.soompi.com/article/1408304wpp/park-shin-hye-looks-back-on-her-career-and-touches-on-relationship-with-choi-tae-joon?fbclid=IwAR0DTUUAMeinFLyY_7gN2XOS1XeoCKnVYeOexFQS6kHVs5n9Ty0iSzMv1Dk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။