ဘော့ဝန်ဒါနိုင်ငံမှာ ဆင်ကောင်ရေ ၃၅၀ ကျော်သေဆုံး၊ သေဆုံးသည့် အကြောင်းရင်းရှာဖွေဆဲ

အာဖရိကတိုက် ဘော့ဝန်ဒါနိုင်ငံ မြောက်ပိုင်း အိုဗန်ကိုဒေသမှာ အကြောင်းအရာမသိရဘဲ ဆင်အကောင်ရေ ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။


ကနဦးသတင်းပို့ချက်အရ မေလအတွင်း ဘော့ဝန်ဒါ ဘေးမဲ့တောမှာ ဆင်အကောင်ရေ ၁၆၉ ကောင်သေဆုံးခဲ့ပါတယ်။ ဇွန်လမှာ ဆင်သေဆုံးမှုမြင့်တက်လာပြီး သေဆုံးတဲ့ဆင်အများစုကို ရေတွင်း၊ ရေကန်နားတွေမှာ တွေ့ခဲ့ရတာများပါတယ်။ ဆင်တွေသေဆုံးရတာ အဆိပ်ကြောင့်လား၊ သဘာဝအတိုင်းသေဆုံးတာလားဆိုတာကိုတော့ ဘော့ဝန်ဒါအစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဇင်ဘာတွေနိုင်ငံမှာတော့ ဆင်ဖမ်းသမားတွေဟာ ဆိုက်ရာနိုက်အဆိပ်သုံးပြီး ဆင်ဖမ်းတာတွေရှိတာကြောင့် တိရစ္ဆာန်ချစ်သူတွေက စိုးရိမ်နေပါတယ်။


အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒါရိုက်တာ ဒေါက်တာမက်ကန်းကတော့ ဆင်တွေသေဆုံးတာ တိတိကျကျမသိသေးပေမယ့် မိုးခေါင်ရေရှားမှုကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဆင်တွေကို ဓာတ်ခွဲခန်း နမူနာယူပြီး စစ်ဆေးသင့်တယ်လို့ အကြံပေးထားပါတယ်။ နိုင်ငံတကာကတော့ ဘော့ဝန်ဒါအစိုးရရဲ့ စီမံခန့်ခွဲနှေးကွေးတာကို ဝေဖန်ခဲ့ပြီး အသိအမှတ်ပြုဓာတ်ခွဲခန်းတွေမှာ စစ်ဆေးသင့်တယ်လို့ ပြောထားပါတယ်။


ပြီးခဲ့တဲ့လအနည်းငယ်က ဘော့ဝန်ဒါနိုင်ငံအစိုးရ ဟာ ဆင်တွေကို အမဲလိုက်ခွင့်ပေးခဲ့လို့ ဝေဖန်မှုတွေ ကြုံခဲ့ရပါသေးတယ်။ ဒေသခံတွေကတော့ ပိုးမွှား သို့ အဆိပ်ကြောင့် သေဆုံးတာလို့ သံသယရှိနေပါတယ်။

Ref - AP

Photo - AP


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။