ငါးနှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မဲဆောက်မှာ မုဒိန်းကျင့်အသတ်ခံရ

ထိုင်းနိုင်ငံ တက်ခ်ခရိုင်အနောက်မြောက်ပိုင်းမှာ အသက် ငါးနှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရပြီး သေဆုံးသွားကြောင်း တက်ခ်ခရိုင်မီဒီယာတွေရဲ့ပြောပြချက်အရသိရပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ထိုင်းမြန်မာနယ်စပ် မဲဆောက်တောအုပ်တစ်နေရာမှာ တွေ့ရတယ်လို့ တက်ခ်ခရိုင်ရဲတပ်ဖွဲ့ကပြောပါတယ်။  

ကလေးငယ်အလောင်းတွေ့ရှိရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့စစ်ဆေးရာ ကလေးငယ်ရဲ့ လက်နဲ့ ခြေထောက်ကို လက်ပြန်ကြိုးတုတ်ထားပြီး အဝတ်ကင်းမဲ့နေကြောင်း တွေ့ရပါတယ်။ ကလေးငယ်ရဲ့ရုပ်အလောင်းကို မဲဆောက် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာ ဒဏ်ရာဒဏ်ချက်များအပြင် သွေးလွန်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ ကလေးငယ်ရဲ့ ပါးစပ်ထဲမှာလည်း အဝတ်အပိုင်းအစများ ထည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ လတ်တလော ဆေးစစ်ချက်များအရ သံသယတရားခံသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ကလေးငယ်နေထိုင်တဲ့ ရွာမှာ လူတစ်ရာခန့်နေထိုင်ပြီး ည ၇ နာရီကတည်းက ပျောက်သွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ ကလေးငယ်ဆော့ကစားစဥ် လူတစ်ယောက်က ခေါ်ဆောင်သွားတာဖြစ်တယ်လို့ပြောပါတယ်။ လတ်တလောဖမ်းဆီးထားသူတွေထဲမှာ သက်ငယ်မုဒိန်းမှုကြောင့် ထောင်ဒဏ်ခုနှစ်ကျခံထားရသူတစ်ယောက်ပါဝင်ပြီး မဲဆောက်မှာ နေထိုင်သူလို့သိရပါတယ်။ ကလေးငယ်ရဲ့မိသားစုနဲ့ နေရပ်လိပ်စာအသေးစိတ်ကိုတော့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ 

Ref - Matichon

Photo - Matichon

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။