ဗန်းမော်မြို့တွင် အဝါရောင်အစက်အပြောက်ကျိုင်းကောင်များကျရောက်နေ

ဇူလိုင်(၇)၊ ရန်ကုန်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မအူပင်ကျေးရွာတွင် ကွင်းအမှတ်(၁၅၅/က) အရှေ့ကွင်း၊ ဦးပိုင်အမှတ် ၇/၁၊ တောင်သူ ဦးလောစံ၏ ငှက်ပျောပင်များနှင့် ဘိစပ်အပင်များ၌ ကျိုင်းကောင်များ ကျရောက်နေကြောသဖြင့် တာဝန်ရှိသူများတို့က ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


photo credit - MOI

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ရာတွင် အဆိုပါ ကျိုင်းကောင်များသည် ယခင်နှစ် ကလည်း ဒေသအတွင်း ကျရောက်ခဲ့သည်ကို တွေ့ရှိဖူးခဲ့ကြောင်းနှင့် ကျိုင်းကောင်အဆင့်အနေဖြင့် (အဆင့်-၂၊ ၃၊ ၄၊ ၅၊ ၆)များ တွေ့ရှိခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြည်နယ် သီးနှံကာကွယ်ရေးဌာနခွဲမှတစ်ဆင့် ရုံးချုပ်သီးနှံကာကွယ်ရေးဌာန၏  အတည်ပြုချက်အရ အဝါရောင်အစက်ပျောက်နှံကောင်(Yellow Spotted Grasshopper) အမျိုးအစားဖြစ်ကြောင်း၊ ကောင်ရေ(၂ဝဝ)ခန့်ကျရောက်နေကြောင်းနှင့်  ဖျက်ဆီးမှုအခြေအနေဖြင့်လည်း စီးပွားရေး ထိခိုက်သည်အထိ ကျရောက်မှုမရှိကြောင်း ဗန်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်ထံမှ သိရသည်။

သီးနှံကာကွယ်နှိမ်နင်းမှုအနေဖြင့် ဂျုံမှုန့်ဖြူပေးခြင်း၊ ကြက်သွန်ဖြူ ဆေးရည်ပက်ဖျန်းခြင်းနှင့် ဆက်စပ်သည့် စပါးခင်းများတွင်လည်း ကြက်သွန်ဖြူဆေးရည်ပက်ဖျန်းခြင်း၊ စပါးခင်းသို့ ကျရောက်လာပါက သက်ဆိုင်ရာဌာနများသို့ အမြန်အကြောင်းကြရန် ဒေသခံတောင်သူများနှင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

Gabriel (Content Writer)
WE Media
Source - MOI

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။