ကွမ်းယာဆိုင်အတွင်း မသင်္ကာဖွယ်လူတစ်စုကိုစစ်ဆေးရာမှ AA နှင့်ဆက်နွယ်သူ(၈)ဦးဖမ်းမိ

ဇူလိုင်(၉)၊ ရန်ကုန်။

AA အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦး အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဇွန် ၂၆ ရက် ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ သိုင်းချောင်း - သစ်ပုတ်တောင် ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိရ၍ စစ်ဆေးစဉ် ၎င်းတို့ထဲမှ ၃ ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ ကွမ်းယာဆိုင်တွင် စုဝေးနေသည့် ကပ်သပြေကျေးရွာနေ မောင်လှမြင့် အသက် ၂၆ နှစ်၊ စံလှမောင် အသက် ၃၂ နှစ်၊ အောင်တင်ရွှေ အသက် ၂၈ နှစ်၊ လှမောင်သန်း အသက် ၂၄ နှစ်၊ မောင်ငယ် အသက် ၂၉ နှစ်၊ လှနု အောင် အသက် ၃၀၊ စိုးလင်း(ခ)ကွန်ကျားအောင် အသက် ၃၂ နှစ်၊ ခင်ဝင်းမောင် အသက် ၂၁ နှစ်၊ မောင်သန်းလှိုင် အသက် ၂၄ နှစ်နှင့် စိုင်ခြုံဒွိန် ကျေးရွာနေ လှမြင့် အသက် ၆၀ တို့ကို လက်ကိုင် ဖုန်း ၇ လုံး၊ အရိုး/အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း။


image credit - MOI

ဖမ်းဆီးရမိသူများ၏ စစ်ကြောထွက်ဆိုချက် များအရ လှမြင့်သည် ကပ်သပြေကျေးရွာနေ ညိုဖြူအောင် (ခ)အောင်အောင်ဆိုသူက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက် ရန် စည်းရုံးခဲ့ကြောင်း၊ ညိုဖြူအောင်သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွင် ၄၅ ရက် ခန့် သင်တန်းတက်ရောက်ခဲ့ပြီး တပ်သား အဆင့်ရှိသူဖြစ်ကြောင်း၊ ဧပြီလမှစ၍ ကပ်သပြေ ကျေးရွာအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆက်ကြေးငွေကျပ် ၃၀၀၀ နှင့် ဆန်၊ ဆီ စသော ရိက္ခာများအား လစဉ်ကောက်ခံပေးရကြောင်း၊ ကောက်ခံရရှိသော ငွေနှင့်ရိက္ခာများအား စိုးလင်း (ခ) ကွန်ကျားအောင် မှတစ်ဆင့် ညိုဖြူအောင်(ခ) အောင်အောင်ထံ ပေးပို့ရပြီး ကျောက်ဖြူမြို့နယ်၏ နယ်မြေစည်းရုံးရေးတာဝန်ခံဖြစ်သူ ထွန်းခင်ထံ စာရင်းပြုစုပေးရကြောင်း၊ စိုင်ခြုံကျေးရွာအုပ်စု စာရေး ဦးစိုးမင်းထွန်း အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ထွန်းခင်နှင့် ညိုဖြူ အောင်တို့အဖွဲ့အား ဆိုင်ကယ်များဖြင့် သိုင်းချောင်း မှ စိုင်ခြုံသို့ လိုက်လံပို့ဆောင်ပေးရကြောင်း၊ ၎င်း၏ ဖုန်းအတွင်း၌ Whats Application တွင် 002 Arakan Dream အမည်ဖြင့် Group ဖွဲ့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား သတင်းပေးခြင်း များကို အသံဖိုင်များဖြင့် ပေးပို့မှု များ ပြုလုပ်ထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထား သူများအနက် ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင် တို့မှအပ ကျန် ၈ ဦးအား ညိုဖြူအောင်(ခ)အောင်အောင်က စည်းရုံးသိမ်းသွင်းခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် မတ်လတွင် သိုင်းချောင်း ကျေးရွာ၊ မေလတွင် ချောင်းဖျားကျေးရွာနှင့် စိုင်ခြုံကျေးရွာတို့တွင် စည်းရုံးရေး သွားရောက် ဆောင်ရွက်ခဲ့သည်ဟု သတင်းဖော်ထုတ် သိရှိရကြောင်း။

စစ်ကြောဖော်ထုတ်ချက်များအရ ခင်ဝင်း မောင်နှင့် မောင်သန်းလှိုင်မှအပ ကျန် ၈ ဦးသည် AA အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ် ရရှိသဖြင့် ၎င်းတို့အား ဇူလိုင် ၄ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Gabriel (Content Writer)
WE Media
Source - MOI

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။