ကမ္ဘာပေါ်မှာ သင်နဲ့ သင့် crush လေး (၂) ယောက်ပဲကျန်တော့ရင် ဘာလုပ်မလဲ

တကယ်လို့ မနက်ခင်းတစ်ခုမှာ ခင်ဗျား နိုးလာတဲ့အခါ အိမ်မှာလူတစ်ယောက်မှ မရှိတာကို တွေ့ရလိမ့်မယ်။ အိမ်ကလူတွေ အလုပ်များ စောစောသွားလို့လား ဒါမှမဟုတ် ခင်ဗျားကို surprise တစ်ခုခုများလုပ်ချင်လို့လား ဆိုပြီး ခင်ဗျား တွေးမိလိမ့်မယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲတဲ့ တိတ်ဆိတ်နေမှုကြီးကိုတော့ သေချာပေါက်ခံစားနေရတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်မိတဲ့ အခါမှာတော့ တကယ်ပဲ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရမယ်။ ဟုတ်ပါတယ်။ ပတ်ဝန်းကျင်မှာ တိရစ္ဆာန်တွေကလွဲလို့ သက်ရှိဆိုလို့ ခင်ဗျားတစ်ယောက်ပဲရှိတော့တာပါ။


image credit - Dying Light@Techland

အဲ့နောက်မှာ ခင်ဗျားအရင်ဆုံးလုပ်မိမှာက အင်တာနက်ဖွင့်တာပါ။ social network ကနေ သတင်းတစ်ခုခုများ သိရမလားဆိုတဲ့အတွေးနဲ့ ခင်ဗျားရှာကြည့်ဖို့ကြိုးစားမယ်။ Day 1 ဖြစ်တဲ့အတွက်တချို့ Server တွေက ကျသွားမှာမဟုတ်သေးပါဘူး။ ဒါပေမယ့် user တွေအကုန်လုံး တိတ်ဆိတ်နေတာကိုခင်ဗျားတွေ့ရမယ်။ဒါပေမယ့် ထူးထူးခြားခြား account လေးတစ်ခုကတော့ active ဖြစ်နေတယ်။သူကတော့ ခင်ဗျား crush ပါ။  ပုံမှန်အခြေအနေမှာဆိုရင် သူ့ account လေးမီးစိမ်းနေတာကို ဘာမှမပြောဘဲတိတ်တိတ်လေးထိုင်ကြည့်နေတတ်ပေမယ့် အခုလို လူတွေအကုန်ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ ခင်ဗျားဟာ တခြားဘာကိုမှမစဉ်းစားနိုင်ဘဲ သူ့ကို စကားသွားပြောလိုက်ပါတယ်။


credit - Arkar

အရင်က ခင်ဗျားသွား စကားပြောရင်တောင် နှစ်နဲ့ချီ ကြာတော့မှ လက်မ ပြန်ထောင်ပြတတ်တဲ့ crush လေးဟာ အခု ခင်ဗျားချိန်းတဲ့နေရာကို ကျိန်းသေ လာပါလိမ့်မယ်။ ဒါပေမယ့် အရမ်းမပျော်သွားပါနဲ့။သူလာတာ ခင်ဗျားကိုတွေ့ချင်လို့မဟုတ်ပါဘူး။ သူအရမ်းကြောက်နေလို့ပါ။
ဒီလိုနဲ့ ခင်ဗျားတို့ တွေ့ကြပြီ။ သူ့ကို စိတ်သက်သာရာရအောင် ခင်ဗျားပြောပေးတယ်။ သူကတော့ သူ့ချစ်သူကိုပဲ စိတ်ပူပြီး ငိုနေတယ်။ အခု ခင်ဗျားတို့ကြားထဲမှာ တားဆီးထားတဲ့အရာဘာမှမရှိတော့ဘူး။ (ဘာဥပဒေမှလည်းမရှိတော့ဘူး) ခင်ဗျားဘာလုပ်မှာလဲ။
ဟိုးထားပါ။ crush လေးရင်ခွင်ထဲကို ဒိုင်ဗင်ထိုးဝင်လိုက်ချင်တဲ့ စိတ်တွေခဏထိန်းထားပါ။
ဘာလို့လဲဆိုတော့ ခင်ဗျားမှာ အဲ့ထက်အရေးကြီးတဲ့ လုပ်စရာတွေရှိနေပါတယ်။ အဲ့ဒါတွေကဘာတွေလဲဆိုတော့

(၁) Food


image credit - skada

crush လေးရဲ့အချစ်ကို အကြမ်းနည်းနဲ့ သိမ်းယူမယ့်အစား အနုနည်းဖြစ်တဲ့ အစားအစာနဲ့ ရယူနိုင်ပါတယ်။လောကမှာ အစားအသောက်မကြိုက်တဲ့ ကောင်မလေးမရှိပါဘူး။ ပြီးတော့ အစားအသောက်တွေက သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ Expired ဖြစ်တော့မှာပါ။  ဒါကြောင့် crush လေးကို ဘာစားချင်လဲဆိုတာ အရင်မေးပါ။ ကြိုက်တဲ့စားသောက်ဆိုင်မှာ မာလာရှမ်းကော ကြိုက်သလောက် အလကားစားနိုင်ပါတယ်။ ဒါပေမယ့် သိပ်အကြာကြီးခံမှာမဟုတ်ပါဘူး။ ဒါကြောင့်အကောင်းဆုံးဆိုင်ကိုရွေးပြီး အမြန်ဆုံးသွားစားလိုက်ပါ။

(၂) Fuel / Electricity

image credit - deviantart

စက်ဘီးတောင် ပြိုင်ဘီးကောင်းကောင်းဝယ်မစီးနိုင်တဲ့ ခင်ဗျားအဖို့ crush လေးသွားချင်တဲ့နေရာကို ကြိုက်တဲ့ကားမောင်းပြီးလိုက်ပို့လို့ ရပြီ လို့ခင်ဗျားထင်နေပါလိမ့်မယ်။ ဒါပေမယ့် လမ်းပေါ်မှာရှိတဲ့ ပိုင်ရှင်မဲ့ ကားတွေထဲက ဓာတ်ဆီတွေဟာ နောက် ၂ နှစ်လောက်နေရင် အသုံးပြုဖို့အဆင်မပြေနိုင်တော့ပါဘူး။အရင်က ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့တဲ့ crush လေးက ဘယ်သွားသွား ခြေကျင်လျှောက်ချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် fuel source တစ်ခုခုကိုရှာထားတာ အကောင်းဆုံးပါ။ ပြီးတော့ crush လေး selfie မှန်မှန်ဆွဲနိုင်ဖို့၊ အရာရာအဆင်ပြေပြေလည်ပတ်နေဖို့ လျှပ်စစ်လိုအပ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး လျှပ်စစ်ဓာတ်အားကို မဖြုန်းတီးမိပါစေနဲ့။ ပုံမှန်လည်ပတ်နိုင်အောင် လုပ်ပေးနေတဲ့ လူတွေရဲ့ဦးဆောင်မှုမပါရင် လျှပ်စစ် ဓာတ်အားပေးရုံတွေလည်း အချိန်ကြာကြာခံမှာမဟုတ်လို့ပါပဲ။

(၃) Safe House


photo credit - pinterest

ပုံမှန် ပြုပြင်မွမ်းမံမှုမရှိတော့မယ့် တိုက်တွေ နေအိမ်တွေဟာ နှစ်အနည်းငယ်ကြာရင် ဆွေးမြေ့လာပါတော့မယ်။ ဒါကြောင့် အကောင်းစား Hotel ကြီးတွေမှာ နေဖူးတယ်ရှိအောင် နေကြည့်ပါ။ ဒါပေမယ့် လူသူကင်းမဲ့နေတဲ့ လမ်းမတွေပေါ်ကိုရောက်လာမယ့် သားရဲတိရစ္ဆာန်တွေရဲ့ ရန်တွေ၊ ရာသီဥတု ရန်တွေနဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ဖို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ ပိုးဟပ်တောင်ကြောက်တဲ့ ခင်ဗျားအနေနဲ့ ရုပ်ရှင်တွေထဲကလို သေနတ်ကြီး တကိုင်ကိုင်နဲ့ crush လေးကို ကာကွယ်ပေးဖို့ စိတ်ကူးမယဉ်ပါနဲ့။ အဆိုးဆုံးအနေနဲ့ကတော့ အနုမြူဓာတ်အားပေးရုံတွေပါပဲ။ ကမ္ဘာပေါ်မှာ အနုမြူဓာတ်အားပေးရုံတွေ အခု ၄၀၀ ကျော်ရှိပါတယ်။ လူသားတွေရဲ့ ထိန်းချုပ်မှုမရှိဘဲ အဲ့ဒီ့စက်ရုံတွေရဲ့ အလိုအလျောက်လည်ပတ်မှုစနစ်တွေက ပျက်စီးသွားခဲ့ရင် တစ်ကမ္ဘာလုံး လေထုထဲမှာ အနုမြူအဆိပ်တွေ ချက်ချင်းပြန့်သွားမှာပါ။ ဒါကြောင့် ရေမြှုပ်မွှေ့ရာမပါရင်နေပါစေ။ တကယ့်ကို လုံခြုံမယ့် safe house မျိုးကိုရှာပါ။

(၄) Get Smart!


credit -sentaifilmworks

ကုန်တိုက်ထဲကအစားအစာတွေကို ခင်ဗျားတစ်သက်လုံး မှီခိုနေလို့မရပါဘူး။ ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေးတွေလုပ်ရတော့မယ်။ လိုအပ်ရင် အမဲလိုက်တာ၊ ငါးမျှားတာတွေပါလုပ်တတ်ရမယ်။ အသက်ရှင်ဖို့လိုအပ်တဲ့ အရည်အချင်းတွေကို ခင်ဗျားသင်ယူရတော့မယ်။ ဒါတွေခင်ဗျားကို သင်ပေးမယ့်လူ မရှိတော့တဲ့အတွက် စာအုပ်တွေထဲက လေ့လာရပါတော့မယ်။ ဟုတ်ပါတယ်။ စာများများဖတ်ပါ။ အရင်က ခင်ဗျားကို Game ပဲဆော့နေပြီး တခြားဘာမှလက်ကြောမတင်းတဲ့ လူလို့ထင်နေတဲ့ crush လေးရဲ့ ရှေ့မှာ smart ကျကျထိုင်၊ စာအုပ်ဖတ်ရင်း "Smart is Sexy" ဆိုတာ ပြသလိုက်ပါ။

(၅) Water


photo credit - natgeo

"ဘဝမှာ အရေးကြီးဆုံးကမိ...ဘပဲ" ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်  မိဘတွေတောင် အားထားရတဲ့အရာကတော့ " ရေ " ပါပဲ။ ရေကိုနေရာတိုင်းမှာ လိုအပ်ပါတယ်။ အဓိက ကတော့ သောက်ရေပါ။ ဒါကြောင့် "ပင်လယ်ရေတွေခန်းမယ့် တစ်နေ့ " မဟုတ်ဘဲ " ရေသန့်ဗူးတွေ ကုန်မယ့် တစ်နေ့အတွက် " သန့်စင်တဲ့ ရေ ရရှိနိုင်မယ့် အရင်းအမြစ်တစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။

ဒီအချက်တွေကို ခင်ဗျားလုပ်နိုင်ခဲ့ပြီဆိုရင်တော့ ခင်ဗျားဘက်က ဖွင့်ပြောစရာမလိုဘဲ Crush လေးက ခင်ဗျားမှ ခင်ဗျား ဖြစ်နေတော့မှာ အမှန်ပါပဲ။

ဒါပေမယ့် သေချာပြန်စဉ်းစားပါ။ ခင်ဗျား အနေနဲ့ ဒီလိုနေချင်တာ သေချာရဲ့လား။ Crush နဲ့ (၂) ယောက်တည်းအတူရှိနေရလို့ ပျော်ရတဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် တခြား ခင်ဗျားချစ်တဲ့ သူတွေကိုရော အဆုံးရှုံးခံနိုင်ရဲ့လား။ ခင်ဗျားမိသားစု၊ ခင်ဗျားချစ်တဲ့ ခွေးလေး၊ ခင်ဗျားရဲ့ အကောင်းဆုံးသူငယ်ချင်းတွေ သူတို့တွေကို တစ်သက်လုံး လွမ်းဆွတ်ရင်း နေသွားနိုင်ရဲ့လား။ ကျွန်တော့် အနေနဲ့ ကတော့ "ဟင့်အင်း"ပါ။ ကျွန်တော့်အနေနဲ့ ခင်ဗျား crush ကို မေ့လိုက်ဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ အနားမှာ crush လိုပဲ အရေးကြီးတဲ့ အရာတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို မြင်အောင်ကြည့်ပါ။ ခင်ဗျားမှာ အဲ့ဒီ့အရာတွေ ရှိနေသေးတာကို appreciate လုပ်ပါ။ နေ့ရက်တိုင်းကို အကောင်းမြင်စိတ်နဲ့ အကောင်းဆုံး ဆက်ပြီးဖြတ်သန်းပါ။ ဒါက အပေါ်က အချက်တွေထက် ပိုပြီးအရေးကြီးတဲ့ အချက်ပါပဲ။

Arkar
WE Media


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။