ညီမငယ်ကိုကယ်ခဲ့တဲ့ ၆ နှစ်သားသူရဲကောင်းလေးဆီ ကပ္ပတိန်အမေရိကဒိုင်းအစစ်ပို့ပေးခဲ့တဲ့ Chris Evans

၆ နှစ်သားလေးက ညီမဖြစ်သူကို ခွေးအတိုက်အခိုက်ခံရခြင်းကနေ အနစ်နာခံကယ်ဆယ်ပေးခဲ့တဲ့ ဖြစ်ရပ်လေးဟာ တွေ့မြင်ရသူအပေါင်းရဲ့ ရင်ထဲအထိရောက်ရှိသွားစေခဲ့ပါတယ်။ အဲဒီအဖြစ်ဟာ အင်တာနက်မှာအတော် ပျံ့နှံ့သွားခဲ့သလို၊ နာမည်ကျော်အနုပညာရှင်တွေကပါ သိရှိသွားခဲ့ကြပါတယ်။


Image Credit: Instagram

အဲဒီဖြစ်ရပ်လေးအပေါ် Marvel ရဲ့ လက်ရှိ Hulk မင်းသားကြီး Mark Ruffalo က ချီးကျူးထားတဲ့ မှတ်ချက်ကို ရေးသားခဲ့သလို ဟောလိဝုဒ် မင်းသမီးချော Anne Hathaway ကလည်း ချီးကျူးစကားပြောထားပါတယ်။


Image Credit: Pinterest

ဒါ့ပြင် Marvel ရဲ့ ကပ္ပတိန်အမေရိကမင်းသားအဖြစ် လူသိများတဲ့ ဟောလိဝုဒ်မင်းသားချောခရစ်အီဗန်ကလည်း အဲဒီ ၆ နှစ်သားလေး Bridger Walker ဆီကို video message အတိုလေးပို့ပြီး ချီးကျူးစကားပြောခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ Captain America ရဲ့အမှတ်အသားအဖြစ် လူသိများတဲ့ ဒိုင်း (shield) အစစ်ကိုပို့ပေးမယ့်အကြောင်း  ပြောခဲ့တာဖြစ်ပါတယ်။


Image Credit: Instagram

ခရစ်ဟာ ကောင်လေးရဲ့သတ္တိရှိတဲ့အပြုအမူကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ အခုလိုပေးအပ်ဖို့ ကတိပေးခဲ့တာပါ။ ခရစ်က “ဘော်ဒါလေး၊ မင်းကသူရဲကောင်းလေးပဲကွ၊ မင်းလုပ်ခဲ့တာက အရမ်းရဲရင့်ပြီးအတ္တကင်းတယ်။ မင်းလို အစ်ကိုတစ်ယောက်ရှိတာ မင်းညီမလေး အရမ်း ကံကောင်းတာပဲ။ မင်းမိဘတွေလည်း ဂုဏ်ယူနေကြမှာ” လို့ သူ့ရဲ့ video message ထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒီချစ်စရာဗီဒီယိုလေးကို Bridger ရဲ့အဒေါ်ဖြစ်သူ Nicole Noel Walker က လူမှုကွန်ယက်မှာ ပြန်လည်မျှဝေ ခဲ့တာပါ။ အဲဒီဗီဒီယိုမှာ ခရစ်အီဗန်က ကပ္ပတိန်ဒိုင်းအစစ်ဟာ ကောင်လေးနဲ့ထိုက်တန်တဲ့အကြောင်း၊ သူ့လို လူမျိုးတွေလိုအပ်ကြောင်းတို့ကိုလည်း ပြောထားပါတယ်။


Image Credit: Instagram

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့တုန်းက Bridger Walker လို့နာမည်ရတဲ့ အသက် ၆ နှစ်အရွယ်ကောင်လေးဟာ ညီမ ဖြစ်သူကို ကယ်ဆယ်ဖို့အတွက် အနစ်နာခံကာကွယ်ပေးခဲ့ပါတယ်။ ခွေးတစ်ကောင်ဟာ သူ့ညီမလေးဆီကို ခုန် အုပ်လာချိန်မှာ သူက သတ္တိရှိရှိရှေ့ကနေဝင်ခံပြီး ညီမလေးကို ဘေးကင်းရာဆွဲယူပေးခဲ့ပါတယ်။


Image Credit: Instagram

သူ့ညီမလေး အန္တရာယ်ကင်းသွားခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ခွေးရဲ့ကုတ်ခြစ်မှုဒဏ်ကို အတော်လေးခံလိုက်ရ ပါတယ်။ ခွေးဟာ ကောင်လေးရဲ့ခေါင်းနဲ့မျက်နှာတဝိုက်ကို ကုတ်ခြစ်ကိုက်ခဲခဲ့တာ ဖြစ်ပါတယ်။ မျက်နှာမှာတော့ ဒဏ်ရာ အများဆုံးရရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာတွေအတွက် အချက်ပေါင်း ၉၀ လောက် ချုပ်လိုက်ရပါတယ်။


Image Credit: Instagram

ကောင်လေးက “တစ်ယောက်တစ်ယောက်သေရမယ်ဆိုရင် ကျွန်တော်ပဲဖြစ်သင့်တယ်လို့ ထင်တယ်” လို့ သတ္တိ ရှိရှိ ပြောခဲ့ပါသေးတယ်။ သူကိုယ်တိုင်က ကလေးအရွယ်ပဲရှိသေးပြီး အသက်ငယ်လေးပေမဲ့ ညီမလေးအတွက် အနစ်နာခံစိတ်ရှိနေတဲ့ တကယ့်အစ်ကိုကောင်း တစ်ယောက်ပါပဲ။

Katie Scarlett
We Media

Source: MSN, Newsbreak, Yahoo

Original Link: https://www.msn.com/en-us/movies/news/chris-evans-sending-real-captain-america-shield-to-young-boy-who-saved-sister-from-dog-attack/ar-BB16NKzr


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။