မျက်နှာကို ခွေးကိုက်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ သနားဖွယ်ဖြစ်ရပ်

ရိုက်ဒါဝဲလ်လစ်လို့ ခေါ်တဲ့အင်္ဂလန်ပြည်က ကောင်လေးဟာ အသက် တစ်နှစ်ခွဲအရွယ်မှာ Rottweiler ခွေးကြီးနှစ်ကောင်ရဲ့အကိုက်ခံခဲ့ရပြီး ညာဘက် မျက်နှာတစ်ခုလုံးနီးပါး ပျက်စီးခဲ့ရပါတယ်။ အသက် တစ်နှစ်ခွဲအရွယ်မှာ ကံဆိုးစွာနဲ့ မျက်နှာပျက်စီးခဲ့ရပြီး ငါးနှစ်အရွယ်ရောက်လာချိန်မှာ ကစားဖော်တွေက "ဘီလူးကြီး"လို့ ခေါ်ကြလို့ စိတ်မကောင်းဘူးလို့ မိခင်ဖြစ်သူက မီဒီယာတွေကို ရင်ဖွင့်ခဲ့ပါတယ်။ 


Rottweiler တွေရဲ့ တိုက်ခိုက်မှုကြောင့် ညာဘက်ပါးပြင်တစ်ခုလုံး၊ နှုတ်ခမ်း၊ သွားတွေနဲ့ ညာဘက်အဆုတ်ထိခိုက်ခဲ့ရပြီး ခွဲစိတ်မှုအကြိမ် ၅၀ ပြုလုပ်ခဲ့ရပါတယ်။ အသက်ငါးနှစ်အရွယ် ရောက်လာတဲ့အခါ မျက်နှာပေါ်က ဒဏ်ရာတွေကြောင့် ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုကိုခံနေရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ သူရဲ့ဆရာမကလည်း ကလေးအနေနဲ့ သိတတ်ခါစအရွယ်မှာ စိတ်ဒဏ်ရာရမှာကို စိုးရိမ်နေတယ်လို့ပြောပါတယ်။ 


"ကစားကွင်းရောက်ရင် ကလေးတွေက ဘီလူးကြီးဆိုပြီး အော်ပြီးပြေးကြတယ်။ လူကြီးတွေကလည်း မှင်စာလိုပုံစံမျိုးနဲ့ကြည့်ကြတယ်။ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။ သားလေးခုလိုကြုံနေရတာတွေကိုလည်း စာနာမိပါတယ်"လို့ မိခင်ဖြစ်သူကပြောပြပါတယ်။ ဒါပေမယ့် ရိုက်ဒဲလ်ကတော့ စိတ်ဓာတ်မကျဘဲ သွားလာချင်စိတ်ရှိတယ်လို့ ၄င်းကဆိုပါတယ်။ 


ရိုက်ဒဲလ်ဟာ ၂၀၁၅ မှာ မိတ်ဆွေတစ်ယောက်ရဲ့ ခွေးတွေကိုက်တာခံခဲ့ရပြီး ဆေးရုံမှာ ၁၄ နာရီကြာအောင် ကုသမှုခံယူခဲ့ရပါတယ်။ ဆရာဝန်တွေကတော့ အဆိုးဆုံးတွေအတွက်ပြင်ဆင်ထားဖို့ မိခင်ဖြစ်သူကို မှာကြားထားပါတယ်။ အထူးသဖြင့် အစားအသောက်နဲ့ ပညာသင်ယူမှုတွေမှာ သတိထားရမယ်လို့ပြောပါတယ်။ ဆရာဝန်တွေ သတိပေးခဲ့တဲ့အရာတွေက အခုမိခင်ဖြစ်သူရင်ဆိုင်နေရပါပြီ။ မိသားစုနံနက်စာစားတဲ့အခါ ရိုက်ဒဲလ်က မိသား​စုနဲ့ အတူမစားဘဲ သူ့ဟာသူခြံထဲမှာ တစ်ယောက်တည်း သွားစားတာမျိုးတွေ ရှိနေပါပြီ။ 


လမ်းထွက်ရင် ခေါင်းကိုအောက်စိုက်ကာ အနွေးထည်ဝတ်ပြီး Mask တပ်ကာသွားနေပါပြီ။ ရိုက်ဒဲလ်က သူနဲ့ပတ်သက်တာပြောရင် နားလည်ပြီး ဘာမှပြန်မပြောဘဲနေတတ်တယ်လို့ အဖွားဖြစ်သူကပြောပါတယ်။ ရိုက်ဒဲလ်ရဲ့မျက်နှာနဲ့ပတ်သက်ပြီး လုပ်စရာအများကြီး ကျန်ပါသေးတယ်။ ခွဲစိတ်မှုဒဏ်ခံနိုင်ဖို့ အရိုးတွေသန်မာလာအောင်စောင့်ရပါမယ်။ လောလောဆယ်သွား ရှစ်ချောင်းသာရှိပြီး သွားတွေပြန်စိုက်ဖို့အချိန်ပေးရပါမယ်။ ငွေကြေးကုန်ကျမှုလည်း အလွန်များပြားပါဦးမယ်။ လောလောဆယ် သားဖြစ်သူ မျက်နှာခွဲစိတ်မှုတွေဆက်လုပ်ဖို့ မိဘတွေက ရန်ပုံငွေရှာဖွေနေပါတယ်။

Ref - Matro News

Photo - Matro News


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။