အချိန်အတော်ကြာစိုက်ဝင်နေသော ဆူးတစ်ချောင်းကိုပြန်နှုတ်ခွင့်ရတော့မည့် ဘင်္ဂလားဒေ့ရှ်အစိုးရ

ဇူလိုင်(၂၆)၊ ရန်ကုန်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ၏ ဖခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းအပါအဝင်မိသားစုဝင်များကိုသတ်ဖြတ်ခဲ့သူအား ဆယ်စုနှစ်တစ်စုကြာနိုင်ငံရေးခိုလှုံခွင့်ပေးထားမှု အမေရိကန်ပြန်လည်သုံးသပ်တော့မည်ဖြစ်သည်။

အဆိုပါအမှုသည် (၁၅) နှစ်ခန့်ကြာအောင် ဆိုင်းငံ့ထားခြင်းဖြစ်ပြီး လွန်ခဲ့သောဇွန်လက အမေရိကန်မှ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာ BDnews24 မှ ရေးသားသည်။ အဆိုပါအမှုတရားခံမှာ ရာရှစ်ချောင်ဒရီ ဆိုသူဖြစ်ပြီး ၁၉၇၅ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က မအောင်မြင်ခဲ့သော အာဏာသိမ်းပွဲတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်မူရှီဘူရာမန်၊ ဇနီးသည် နှင့် သား(၃)ဦးတို့မှာ နေအိမ်တွင်အသတ်ခံရသည်။ လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နှင့် ညီမဖြစ်သူ ရီဟာနာ တို့မှာ နိုင်ငံခြားခရီးသွားနေချိန်ဖြစ်သောကြောင့် အသက်ဘေးမှလွတ်ခဲ့သည်။


photo - bd24news

မအောင်မြင်ခဲ့သော အာဏာသိမ်းပွဲအတွင်းပါဝင်သူတို့ကို စစ်ဆေးရာတွင် အပြစ်ရှိကြောင်းဝန်ခံခဲ့သူတို့မှာ အာမခံရရှိခဲ့ပြီး အဆိုပါစစ်ဆေးမှုလည်းရပ်ဆိုင်းခဲ့သည်။ သို့သော် ၁၉၉၅ ခုနှစ်၊ အဝါမီလိခ် ပါတီအာဏာရလာသောအခါတွင် လူသတ်သမားတို့အား တရားစွဲဆိုမှုများပြန်လည်စတင်ခဲ့သည်။ စစ်ကြောမှုနှင့်တရားရုံးခွင်နာကြားမှုပေါင်းများစွာပြုလုပ်အပြီး သံသယရှိသူ ၁၂ ဦးတို့ကိုသေဒဏ်ချမှတ်ကြောင်းထုတ်ပြန်သည်။

အဆိုပါ ၁၂ ဦးအနက် ၅ ဦးကို ၂၀၁၀၊ ဇန်နဝါရီ ၂၈ တွင်ကြိုးပေးကွပ်မျက်ခဲ့ပြီး ၁ ဦးမှာ ရောဂါကြောင့်သေဆုံးသည်။ မိုဟာမက်ချောင်ဒရီ အပါအဝင် ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက် ဇွန်လ ၁၇၊ ၂၀၂၀ ခုနှစ်တွင် ကန်ရှေ့နေချုပ် ဝီလျံဘားရ် က အမှုကိုပြန်လည်သုံးသပ်ပြီး ဖြစ်စဉ်အသေးစိတ်တို့ကိုဖော်ပြသည်။ ထိုအချက်များထဲတွင် ချောင်ဒရီ ၏နိုင်ငံရေးခိုလှုံခွင့်ကိုရုပ်သိမ်းပြီး နေရပ်ပြန်ပို့မည့်အစီအစဉ်ပါဝင်သည်။


photo - bd24news

မိုဟာမက်ချောင်ဒရီ အား ဘင်္ဂလားဒေ့ရှ်သို့ပြန်လည်လွှဲပြောင်းပေးရန် ရှိတ်ဟာစီနာမှ အမေရိကန်သမ္မတအား အကြိမ်ကြိမ်စာဖြင့်ရေးသားတောင်းဆိုဖူးသည်။ မိုဟာမက်ချောင်ဒရီမှာ ၁၉၉၆၊ ရှိတ်ဟာစီနာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အသတ်ခံရမည်ကိုကြောက်ရွံ့သဖြင့် အမေရိကန်နိုင်ငံသို့မိသားစုနှင့်အတူပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သို့ရောက်ရှိပြီး(၁၀)နှစ်အကြာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဝန်ကြီးဌာနမှ ချောင်ဒရီ အားခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဟာစီနာအစိုးရမှ ချောင်ဒရီ အားပြန်လည်ရယူရန်နည်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို ဆူးတစ်ချောင်းသည် ဟာစီနာအစိုးရ၏ ရင်ဘတ်ထဲစိုက်ဝင်နေခဲ့သောဆူးတစ်ချောင်းဖြစ်ခဲ့သည်


photo - bd24news

ရာရှစ်ချောင်ဒရီ ၏ အမှုအားပြန်လည်သုံးသပ်ပြီး နိုင်ငံရေးခိုလှုံခွင့်ရုပ်သိမ်းမည့်အချက်မှာ အမေရိကန်တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့အတွက် ကျောချမ်းစရာပင်ဖြစ်သည်။ ရာရှစ်ချောင်ဒရီအား ခိုလှုံခွင့်ပယ်ဖျက်ပြီး နေရပ်ပြန်ပို့လျှင် အသတ်ခံရမည်မှာ ကျိန်းသေဖြစ်ရာ အလွန်ပင်စိတ်ဝင်စားဖွယ်ကောင်းသောအမှုပင်ဖြစ်သည်။

Gabriel (Content Writer)
WE Media
Source - Sayar Htay Oung/bd24news
Original Link - https://bdnews24.com/bangladesh/2020/07/25/us-reopens-bangabandhu-killer-rashed-chowdhurys-asylum-case-after-15-years




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။