မြန်မာပြည် ထဲမှ ဘာမြူဒါတြိဂံအငယ်စားလေး (သို့မဟုတ်) ပြန်လမ်းမဲ့ရေကန်

မြန်မာပြည် နှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကြား၊ နာဂလူမျိုးအများစုနေထိုင်ရာ ပန်ဆောင် (Pansau) မြို့အနီးတွင် ရေကန်တစ်ကန် တည်ရှိသည်။ ရေကန်ဆိုသော်လည်း အရွယ်အစားကြီးမားလွန်းသဖြင့် အင်းကြီး (Marsh) တစ်ခုသာသာအရွယ်အစားရှိသော ကန်ကြီးတစ်ခုဖြစ်သည်။


photo - tripadvisor.com

ကန်ကြီး၏ အနေအထားကိုပြောရလျှင် အလျား ၁.၄ ကီလိုမီတာ၊ အနံ ဝ.၅ ကီလိုမီတာ (အကျယ်ဆုံးနေရာမှာ ဝ.၈ ကီလိုမီတာ) နှင့် အတော်ပင်နက်သော ရေထုတို့ရှိသည်။ နေရာအတိအကျမှာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ လီဒိုလမ်းမကြီးမှ အနောက်တောင်ဘက်စူးစူး ၂.၅ ကီလိုမီတာအကွာတွင်တည်ရှိသည်။

ကန်ကြီးနှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာအများစုရှိသည်။ အများစုမှာ ဒုတိယကမ္ဘာစစ်အတွင်းမှတ်တမ်းများဖြစ်ပြီး ဂျပန်၊ အမေရိကန် နှင့် အင်္ဂလိပ်တို့မှ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ထင်ရှားသောမှတ်တမ်းများထဲမှ ရှာဖွေရသလောက်ကိုပြန်လည်တင်ဆက်ပေးပါမည်။

အမေရိကန်

အမေရိကန်လုပ် ဒေါက်ဂလပ်စ်ဒီစီ ၃ အမျိုးအစားကုန်တင်လေယာဉ်တစ်စင်းသည် မြန်မာပြည်၊ ချင်းပြည်နယ်အတွင်းရှိ The Hump ခေါ် သတ်မှတ်နေရာသို့ ကုန်ပစ္စည်းများချရန်အလာ နောင်ယွန်းအင်းပေါ်သို့အရောက်တွင် ရုတ်တရက်အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ ထိုလေယာဉ်အား ရှာဖွေရန် တပ်စိတ်တစ်စိတ်အား ဗဟိုမှ တာဝန်ပေးခဲ့သည်။ သို့သော် ထိုတပ်စိတ်မှာလည်း ထူးထူးဆန်းဆန်းပင်ပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးတပ်ဖွဲ့နှင့် နောက်ဆုံးအဆက်အသွယ်ရခဲ့သော မြေပြင် coordinate များမှာ နောင်ယွန်းအင်းအနီးတွင်ပင်ဖြစ်သည်။

ဂျပန်

မြန်မာပြည်ထဲသို့ မဟာမိတ်များစစ်ဆင်ရေးစတင်သောအခါ ဗိုလ်မှုးဝင်းဂိတ် နှင့် သူ၏ ချင်းဒစ် (Chindit) ရိန်းဂျားများမှ ကချင်ပြည်နယ်၊ ချင်းတောင် ဒေသများတွင် ဂျပန်တို့ကို ထိုးစစ်ဆင်ကြသည်။ ဆုတ်ခွာသော ဂျပန်တပ်များထဲမှ တစ်ချို့မှာ အဖျားအနာ နှင့် ဒဏ်ရာရသူများသဖြင့် နောင်ယွန်းအင်းအနီးစခန်းချကြသည်။ ထိုတပ်ဖွဲ့ဝင်များမှာ နောင်ယွန်းအင်းအနီးတွင် ဌက်ဖျား နှင့် ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများကြောင့် တပ်လုံးပြုတ်လုနီးနီးသေဆုံးခဲ့သောဖြစ်ရပ်ရှိခဲ့သည်။

အင်္ဂလိပ်

မဟာမိတ်တို့၏ အာရှဒေသကယ်တင်ရေးစီမံချက်တွင် အိန္ဒိယနိုင်ငံမှ တစ်ဆင့်လီဒိုလမ်းမကြီးကိုဖြတ်ကာမြန်မာပြည်တွင်းဝင်ရောက်ပြီး ဘီအိုင်အေအကူအညီဖြင့် ဂျပန်တို့ကိုတိုက်ထုတ်ရန်လည်းပါဝင်သည်။ ၁၉၄၂ အချိန်တွင် ဗိုလ်ချုပ် စတီးဝဲလ် တိုက်ရိုက်အုပ်ချုပ်မှုဖြင့် မြန်မာပြည်တွင်းဝင်ရောက်လာသော အမှတ် ၇၇ ခြေမြန်တပ်မ မှ စစ်သည်အချို့ နောင်ယွန်းရေကန်အနီးတွင် ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ မှတ်တမ်းတစ်ချို့တွင် စစ်သည်တို့မှာ နွံ (သို့မဟုတ်) သဲနွံ (quicksand) ထဲတွင် နစ်မြုပ်ပျောက်ဆုံးကြသည်ဟုဆိုသည်။ တိတိကျကျတော့မဟုတ်ပေ။

ဒေသခံ နာဂ တိုင်းရင်းသားတို့အယူအဆအရ နောင်ယွန်းအင်းကြီးမှာ ရှေးကာလများကတည်းက တည်ရှိခဲ့ပြီး မြန်မာအယူအဆနှင့်ဆိုလျှင် နတ်ကြီးသည် ဟုဆိုကြသည်။ ကန်ရေပြင်သည် အမြဲလိုလိုပင် နက်မှောင်နေတတ်ပြီး ရေစပ်မှအောက်ကိုငုံ့ကြည့်ပါက တစ်ခါတစ်လေ မြွေကဲ့သို့ သတ္တဝါကြီးများ ကန်အောက်တွင် ကူးခတ်နေခြင်း၊ အရွယ်ကြီးမားသော ငါးကြီးများကူးခတ်နေခြင်းကို မြင်တွေ့ရလေ့ရှိသည်ဟုဆိုသည်။

ထိုအယူအဆမှာ မြန်မာတို့ဘက်တွင်သာမဟုတ်ပေ။ အိန္ဒိယဘက်မှလည်း ထိုသို့ပင်ယုံကြည်ကြသည်။ နောင်ယွန်းအင်း အနီးရှိ လီဒိုလမ်းမကြီးတွင် အရွယ်အစားအလွန်ကြီးမားသော မြွေကြီးတစ်ကောင်အား မိုင်းခွဲသတ်ဖြတ်ပြီး အသားစများကို ရထားနှင့်တင်ယူရခြင်း၊ ဟူးကောင်းတောင်ကြားတွင် အမျိုးအမည်မသိသော သတ္တဝါကြီးများ၊ အင်းဆက်ကောင်များ၊ မျှော့ သတ္တဝါကြီးများကို စစ်အတွင်း၊ စစ်ပြီးကာလ နှင့် လွတ်လပ်ရေးရပြီးကာလများအထိ ဆက်တိုက်ဆိုသလိုတွေ့ရှိရသောဖြစ်ရပ်များလည်းဖတ်ဖူး၊ ကြားဖူးသဖြင့် အဆိုပါဒေသမှာ အတော်ပင်ထူးဆန်းမှုများနှင့်ပြည့်နှက်မည်ဟုဆိုရမည်ဖြစ်သည်။


photo - traveltriangle.com

အိန္ဒိယလူမျိုးများဘက်မှ နောင်ယွန်းအင်းကြီး ကို မြန်မာပြည်၏ ဘာမြူဒါတြိဂံ ဟုခေါ်သည်။ မြန်မာနိုင်ငံတွင်းမှ နောင်ယွန်းအင်းကို သွားရောက်ရန်မှာ အတော်ပင်ဝေးလံခက်ခဲသောခရီးတစ်ခုပင်ဖြစ်မည်။ မြစ်ကြီးနားမှ တစ်ဆင့် တနိုင်း၊ နန်းယွန်း၊ ထိုမှတစ်ဆင့် ပန်ဆောင်မြို့သို့ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်ဖြင့် နှစ်ရက်ခန့်သွားရခြင်းဖြစ်သည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းလာသဖြင့် ပြည်တွင်းနှင့်ပြည်ပခရီးသည်အများအပြား နောင်ယွန်းအင်းသို့လာရောက်ကြသည်။ ပန်ဆောင် မှ နောင်ယွန်းအင်းသို့ သွားရောက်ရန် တစ်ခုတည်းသော လမ်းမှာ စတီးဝဲလ်လမ်းခေါ် နာမည်ကျော် လီဒိုလမ်းမကြီးဖြစ်သည်။


image credit - youtube

သိပ္ပံခေတ်ဖြစ်သဖြင့် အဆိုပါ အချက်အလက်၊ မှတ်တမ်းများကို များစွာယုံကြည်ရန်လိုမည်မထင်ဟု ကျွန်တော်ယူဆပါသည်။ ဗဟုသုတသက်သက်သာတင်ပေးခြင်းဖြစ်ပြီး အတွေးပွားရလောက်အောင် ထူးခြားခြင်းမရှိသည်မှာတော့ အမှန်ဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့သာမန်လူသားမျက်စေ့၊ အတွေးအခေါ် နှင့် သိရှိမှုနယ်ပယ်ကိုကျော်လွန်ပြီး တည်ရှိနေသောအရာများရှိနေသည်မှာတော့အမှန်ပင်ဖြစ်ပါသည်။

Gabriel (Content Writer)
WE Media
Source - Wikipedia


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။