သက်ကြီးရွယ်အိုသခင်အတွက် ကိုဗစ်ကာလအတွင်းဈေးဝယ်ဖို့တာဝန်ယူခဲ့တဲ့ ခွေးလိမ္မာလေး Nino

ကိုလံဘီယာနိုင်ငံ၊ Bogota က “Nino” လို့နာမည်ရတဲ့ခွေးလေးဟာ သူနေထိုင်ရာအရပ်ဒေသမှာ နာမည်ကျော် လေး ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ ကိုရိုနာကူးစက်ပျံ့နှံ့နေတဲ့ကာလအတွင်းမှာ သခင်ဖြစ်သူ အတွက် အစားအသောက်ဝယ်ယူပေးတဲ့တာဝန်ကို ယူခဲ့တာကြောင့်ပါပဲ။


Image Credit: El Tiempo

Nino ရဲ့ပိုင်ရှင်ဖြစ်သူ Jose Ever Hanao ဟာ အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးကြောင့် ကိုဗစ်ကာလအတွင်း လုံးဝ အပြင်မထွက်သင့်တဲ့သူတစ်ဦးပါ။ သူ့ရဲ့ကျန်းမာရေးအခြေအနေအတွက် လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို အတတ်နိုင်ဆုံးလျော့ချပြီး ရောဂါမဖြစ်အောင် အိမ်မှာပဲနေရပါတယ်။


Image Credit: El Tiempo

အဲဒီလိုအကြောင်းအရင်းတွေကြောင့် ခွေးလိမ္မာလေး Nino ဟာ Jose အတွက် အစားအသောက်အဝယ်တော် လေး ဖြစ်လာခဲ့ပါတယ်။ ဈေးဝယ်ဖို့လိုအပ်လာတဲ့အခါ Jose က ဈေးစာရင်းနဲ့ပိုက်ဆံကို ခြင်းတောင်းထဲထည့် ပေးလိုက်ပြီး Nino လေးက ခြင်းတောင်းလေးကိုကိုက်ပြီး သွားနေကျဈေးဆိုင်ကို ပြေးဝယ်ပေးပါတယ်။


Image Credit: El Tiempo

အကြောင်းသိနေတဲ့ ဈေးဆိုင်ပိုင်ရှင်ကလည်း Nino လာပြီဆိုရင် ဈေးစာရင်းအတိုင်း ခြင်းတောင်းထဲကို ပစ္စည်းတွေထည့်ပေးပြီး ကျသင့်သလောက်ပိုက်ဆံကိုယူထားလိုက်ပါတယ်။ ပစ္စည်းစုံတာနဲ့ Nino ဟာ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာလေ့ရှိပါတယ်။ သူဟာ ခြင်းတောင်းထဲထည့်ပေးလိုက်တဲ့ စားစရာတွေကို လုံးဝ ထိလေ့မရှိပါဘူး။


Image Credit: El Tiempo

အဲဒီအကြောင်းကို ပိုင်ရှင်ဖြစ်သူ Jose က ဒေသတွင်းသတင်းဌာနတစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ Nino ဆိုတဲ့နာမည်ဟာ စပိန်ဘာသာနဲ့ဆိုရင် ကလေးလို့အဓိပ္ပါယ်ရပါတယ်။ Jose ဟာ Nino လေးကို သူ့အတွက် ကလေးတစ်ယောက်လိုသဘောထားတာကြောင့် အဲဒီလိုနာမည်ပေးခဲ့တာလို့ သိရပါတယ်။


Image Credit: El Tiempo

Nino ဟာ Jose ဆီမရောက်ခင်က ပန်းခြံထဲမှာစွန့်ပစ်ခံထားရတာပါ။ နောက်ပိုင်းတော့ Jose က ခေါ်ယူမွေးစား ပြီး စောင့်ရှောက်ခဲ့ပါတယ်။ Nino ကို ခြင်းလေးကိုက်ပြီးဈေးဝယ်တတ်အောင်လည်း Jose ကပဲ အပျော်သဘော နဲ့ သင်ပေးထားတာပါ။ ဒါပေမဲ့ ကိုဗစ်ကာလမှာတော့ သူ့လို သက်ကြီးရွယ်အိုတစ်ဦးအတွက် အထောက်အကူ ဖြစ်သွားစေခဲ့ပါတယ်။


Image Credit: El Tiempo

ဒေသခံတွေရဲ့အဆိုအရ Nino လေးဟာ ဈေးဝယ်ခြင်းတောင်းကို သူ့ပါးစပ်နဲ့ ဂရုတစိုက်သယ်ဆောင်လေ့ရှိပြီး သူ့တာဝန်ကို ကောင်းကောင်း သိပါတယ်။ အဲဒီအနားဝန်းကျင်က လူအတော်များများဟာလည်း သိတတ်လိမ္မာ ပြီး တာဝန်သိတဲ့ခွေးလိမ္မာလေး Nino ကို ချစ်ကြပါတယ်။


Image Credit: El Tiempo

Katie Scarlett
We Media

Source: 9gag

Original Link: https://9gag.com/gag/aeDQpMQ?fbclid=IwAR2jQULBq_94mJgR_Zl33kePTB1lg4sYkcKvwPwB_Afrrb8ZLppe9ilvZsY

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။