ပိတ်ပင်ခံရဖို့ရှိနေတဲ့ Tiktok အမေရိကန်ကုမ္ပဏီကို Microsoft ဝယ်ယူရန်ကြိုးပမ်း

မကြာခင် ပိတ်ပင်ခံရဖို့ရှိနေတဲ့ Tiktok ရဲ့ အမေရိကားရှိပိုင်ဆိုင်မှုတွေကို Microsoft ကုမ္ပဏီက လွှဲပြောင်းဝယ်ယူရန် ပြင်ဆင်လျက်ရှိပါတယ်။ သမ္မတထရန့်ကလည်း တရုတ်နိုင်ငံနဲ့ Tiktok ပတ်သတ်မှုမရှိတော့ရင် ဝယ်ယူတာကို ခွင့်ပြုပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထရန့် နဲ့ Microsoft တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပြီး စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်ခင် အပြီးသတ်ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ သိရပါတယ်။ အကယ်၍ Microsoft သာ Tiktok ကို ဝယ်ယူနိုင်ခဲ့ပါက အမေရိကန်နိုင်ငံသား သန်း ၈၀ ရဲ့ ဒေတာတွေကို ပြန်လည် ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ Microsoft ရဲ့ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ တကယ်လို့ Microsoft ကသာ Tiktok ကို ဝယ်ယူခွင့်ရခဲ့ရင် အမေရိကားစျေးကွက်သာမက ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျစျေးကွက်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ 


Tiktok ပိုင်ရှင် ဘေဂျင်းအခြေစိုက်ကုမ္ပဏီ Bytedance ကတော့ အမေရိကန်ရှိ Tiktok ရှယ်ယာအများစုကို ရောင်းချပြီး ဆက်လက်ရပ်တည်ဖို့ အမေရိကန်အစိုးရကို တင်ပြခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပါတယ်။ Tiktok ဘက်ကတော့ အမေရိကားမှာ ကုမ္ပဏီရပ်တည်လို့ရအောင် ကြိုးစားသွားမှာဖြစ်ပြီး အမေရိကန် အလုပ်သမား ၁၅၀၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့ စီစဥ်ပေးမယ်လို့ဆိုပါတယ်။ အမေရိကားရှိ Tiktok ပရိသတ်တွေကိုလည်း "Stand For Tiktok" ကမ်ပိန်းလုပ်ဖို့ ပန်ကြားထားပါတယ်။

Ref - Techrader

Photo - Tech Rader

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။