ကိုဗစ်ကာကွယ်ဆေးအခြေအနေဘယ်လိုရှိသလဲ

ခုချိန် တစ်ကမ္ဘာလုံးအလိုချင်ဆုံးအရာက ကိုဗစ်ကာကွယ်ဆေးပါ။ ဒါပေမယ့် နိုင်ငံတိုင်း ကိုယ့်အတွက် ဦးစားပေးမှာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးအတွက်ဆိုတာ ဦးစားပေးဖြစ်လာမှာ မဟုတ်ပါဘူး။ ဆေးကုမ္ပဏီတွေက အပြိုင်အဆိုင်ထုတ်လုပ်ဖို့ကြိုးစားနေကြပေမယ့် ကန့်သတ်မှုတွေကြားက ရုန်းကန်နေရဆဲပါ။


တရုတ်ကုမ္ပဏီ Sinovac Biotech ဟာ ဆားစ်ရောဂါ ကာကွယ်ဆေးကို ၂၀၀၄ ခုနှစ်မှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဆားစ်ရောဂါကြောင့် လူ ၈၀၀ သာ သေဆုံးခဲ့ပြီး မကြာခင် ရောဂါပျောက်ကင်းသွားလို့ ကာကွယ်ဆေးဆက်ထုတ်လုပ်တဲ့ လုပ်ငန်းစဥ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ် SARS CoV-2 ဖြစ်ပွားလာတဲ့အခါ ကာကွယ်ဆေးထုတ်လုပ်တာကို ဇန်နဝါရီလမှာ ပြန်စခဲ့ပါတယ်။ လေးလအကြာမှာ ကာကွယ်ဆေးတစ်မျိုးရရှိခဲ့ပြီး မျောက်တွေမှာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ 

ဒါပေမယ့် လူအမြောက်အများစမ်းသပ်ဖို့ အခက်အခဲရှိပါတယ်။ တရုတ်နိုင်ငံမှာ လူအမြောက်အများနဲ့ ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ဖို့ ခွင့်ပြုချက်ပေးမထားပါဘူး။ တရုတ်အစိုးရ ကတော့ စစ်တပ်မှာစမ်းရင် စမ်းလို့ရတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့လည်း ဆက်ဆံရေးအဆင်မပြေလို့ အမေရိကန်မှာသွားပြီး ကိုဗစ်ကာကွယ်ဆေးစမ်းသပ်လို့မရပါဘူး။

ဒါကြောင့် ဇွန်လမှာ Sinovac က ဘရာဇီးကိုသွားပြီး ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့မှာရှိတဲ့ ကျန်းမာရေးစင်တာမှာ လူပေါင်း ၉၀၀၀ ကျော်နဲ့ စမ်းသပ်ဖို့စီစဥ်ခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် ဘရာဇီးဘက်က စမ်းသပ်ဖို့လူ ၉၀၀၀ စုဆောင်းပေးမှာဖြစ်ပြီး တရုတ်ဘက်က ဆေးအောင်မြင်ရင် ဘရာဇီးအတွက် ဆေး သန်း ၆၀ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ 


အမေရိကန်ကလည်း Operation Warp Speed လို့ အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ စီမံကိန်းကို ဒေါ်လာ ၅ ဘီလျံသုံးပြီး လေ့လာနေပါတယ်။ ဥရောပမှာလည်း ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေကနေ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ ရေနံနဲ့ နျူကလီးယားလက်နက်လိုပဲ ပထဝီနိုင်ငံရေးမှာ အရေးပါလာမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ 

အလားအလာကောင်းတဲ့ ကာကွယ်ဆေး ဆိုတာကတော့ စုစုပေါင်း ၅ ခုရှိတယ် ပေါ့နော်။ ပထမဆုံး အနေနဲ့ ဆိုရင်တော့ US အခြေစိုက် Moderna ကုမ္ပဏီက ထုတ်တဲ့ MRNA ကာကွယ်ဆေး တခု ဖြစ်ပါတယ်။ သူတို့ phase 3 ကို စခဲ့တာက ဇူလိုင်လ ၂၇ ရက်နေ့မှာ။ ပြီးတော့ နံပတ် ၂ ကတော့ Pfizer ရယ်၊ ဂျာမန်ကုမ္ပဏီရယ် နောက် တရုတ် ကုမ္ပဏီ တခုရယ် သူတို့ ၃ ခုပေါင်းပြီးတော့ လေ့လာစမ်းသပ် နေတာတခုရှိတယ်။ 

ဇူလိုင်လမှာ ကိုဗစ်ကာကွယ်ဆေးအများအပြားထွက်ပေါ်လာပါတယ်။ ဒါပေမယ့် စမ်းသပ်ရမယ့် အဆင့်များစွာကျန်နေသေးလို့ စျေးကွက်ထဲထိ ရောက်မလာခဲ့ပါဘူး။ ငှက်ဖျားဆေးတွေကလည်း ကိုဗစ်ကိုအနိုင်မယူနိုင်ခဲ့ပါဘူး။ ကိုဗစ်နဲ့ပတ်သက်ပြီးHydroxychloroquine, “Immunity booster”, Blood thinners,Zithromax Ivermectin , Remdesivir,Vitamin C,Actemra, Aspirin, Plasma,Bleach,Zinc ဆေးတွေနဲ့ စမ်းသပ်ပြီးပါပြီ။ ကိုဗစ်ကာကွယ်ဆေးအားလုံး Phase 3 မှာပဲ ရပ်နေကြပါတယ်။ အဲဒီဆေးတွေထဲမှာ တရုတ်နဲ့ ဗြိတိန်က တိုးတက်မှုအရှိဆုံးလို့ပြောရင်ရပါတယ်။ လောလောဆယ် Covid-19 ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဆေးတွေ စမ်းသပ်ရာမှာ အခက်အခဲတွေရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ စိတ်ချရတဲ့ကိုဗစ်ကာကွယ်ဆေးမရှိသလို ပြည့်စုံတဲ့ဆေးဖြစ်ဖို့လည်း အချိန်တစ်နှစ်လောက်လိုသေးတယ်ဆိုတာ အသိပေးလိုက်ပါတယ်။

Ref - BioTech,CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။