သူနဲ့ Marvel တို့ အဆုံးသတ်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Iron Man မင်းသားကြီး Downey Jr.

Iron Man မင်းသားကြီး Robert Downey Jr. နဲ့ Marvel တို့တကယ်ကို လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီ။ Avengers: Endgame မှာ Iron Man ဇာတ်ကောင်သေဆုံးသွားခဲ့ပေမဲ့ Marvel ပရိသတ်တွေအနေနဲ့ Robert Downey Jr. ရဲ့ Iron Man ဇာတ်ကောင်ကို တစ်နည်းတစ်ဖုံ တွေ့မြင်ရလိမ့်ဦးမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။


Image Credit: Pinterest

ဒါပေမဲ့ အဲဒီမျှော်လင့်ချက်ဟာ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားခဲ့ပါပြီ။ အကြောင်းက Downey Jr. ကိုယ်တိုင်က သူနဲ့ MCU ရဲ့ ဇာတ်လမ်းဟာ ပြီးပြတ်သွားပါပြီလို့ အတည်ပြုပြောကြားလိုက်တာကြောင့်ပါပဲ။


Image Credit: Pinterest

RDJ လို့ နာမည်အတိုကောက်ခေါ်ကြတဲ့ မင်းသားကြီး Downey Jr. ဟာ Jason Bateman, Sean Hayes နဲ့ Will Arnett တို့တင်ဆက်တဲ့ Smartless podcast အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပါတယ်။ အဲဒီမှာသူ့ကို Marvel ရုပ်ရှင်တွေနဲ့ မိသားစုကြား အချိန်ကိုဘယ်လိုညှိယူသလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးမြန်တဲ့အခါက သူက MCU နဲ့ပတ်သက်ပြီး “အားလုံးပြီးသွားပါပြီ” လို့ ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒီစကားဟာ MCU နဲ့ သူ့ရဲ့ကြားကဆက်စပ်မှုဟာ အပြီးသတ်သွားကြောင်း အတည်ပြုပေးလိုက်သလိုပါပဲ။ Iron Man ဇာတ်ကောင်ဟာ Marvel ရဲ့ Black Widow ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မယ်လို့ လည်း သတင်းတွေထွက်ထားတာ ရှိပါတယ်။


Image Credit: Pinterest

Downey ဟာ ၂၀၀၈ ခုနှစ်ရဲ့ Iron Man ဇာတ်လမ်းကစလို့ Iron Man ဇာတ်ကောင်အဖြစ် ပထမဆုံးပါဝင်ခဲ့ တာဖြစ်ပြီး MCU မှာ ဆယ်စုနှစ် တစ်ခုကျော်အောင် ရှိနေခဲ့တဲ့ သက်တမ်းအရှည်ဆုံးမင်းသားတစ်လက်ဆိုရင် လည်း မမှားပါဘူး။ သူဟာ Iron Man (2008) ကစလို့ MCU ရဲ့ timeline တစ်ခုအဆုံးသတ်သွားတဲ့ Avengers: Endgame ရုပ်ရှင်အထိ MCU ဇာတ်လမ်းအတော်များများမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။


Image Credit: Pinterest

ရုပ်ရှင်မင်းသားတစ်ဦးအနေနဲ့ ၁၀ နှစ်ကျော်ကြာအောင် ဇာတ်ကောင်တစ်ခုတည်းအတွက် စိတ်နှစ်မြှုပ်ထားရတာဟာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မူလ Avengers ဇာတ်ကောင်တွေအဖြစ် ပါဝင်ခဲ့ကြတဲ့ မင်းသားတွေထဲက ကပ္ပတိန်အမေရိကမင်းသား Chris Evans နဲ့ Iron Man မင်းသားကြီး Downey Jr. တို့က တော့ Marvel ကို နှုတ်ဆက်ခွဲခွာခဲ့ကြပါပြီ။


Image Credit: Pinterest

Katie Scarlett
We Media

Source: Comicbook, CNET, Metro UK

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။