ချောင်းသာမှာ လင်းပိုင်တစ်ကောင် သောင်တင်နေသဖြင့် ပင်လယ်ထဲသို့ပြန်လွှတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေ၌ စက်တင်ဘာလ (၇)ရက် နံနက်ပိုင်းတွင် လင်းပိုင်အရှင်တစ်ကောင် သောင်တင်လျက်ရှိကြောင်း သိရှိရပါသည်။ 


ချောင်းသာမြို့၊ အမှတ် (၂) ရပ်ကွက် Belle Hotel ရှေ့ ကမ်းခြေတွင် လင်းပိုင်တစ်ကောင် တွေ့ရှိကြောင်း သတင်းရရှိသဖြင့် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့် ချောင်းသာမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ သွားရောက် ကြည့်ရှုကြပါသည်။ အဆိုပါ လင်းပိုင်ကို မွန်းလွဲ ၁၂း၃၀ နာရီ  တွင်  မော်တော်ဘုတ်ဖြင့် သယ်ဆောင်ပြီး သဲဖြူကျွန်းအပြင်ဘက် ပင်လယ်ပြင်အတွင်းသို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်လွှတ်ပေးကြပါသည်။

ယခင်က ချောင်းသာကမ်းခြေတွင် လင်းပိုင်အရှင် သောင်တင်လျက်တွေ့ရှိပြီး ပင်လယ်ပြင်ထဲသို့ ပြန်လည်လွှတ်ပေးရသည့် ဖြစ်စဥ် (၃)ကြိမ်ရှိခဲ့ပြီး ယခု အကြိမ် အပါအဝင် စုစုပေါင်း (၄)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရပါသည်။ 


ယခုကဲ့သို့ လင်းပိုင်များ သောင်တင်ရခြင်းမှာ ရေအေးစီးချောင်းတွင်သာ  သွားလာကျက်စားကြသော လင်းပိုင်များ အနေဖြင့် ရေနွေးစီးချောင်းပေါ် ရောက်ရှိသွားချိန်တွင် ယခုလိုသောင်တင်ခြင်းမျိုးဖြစ်တတ်ကြောင်း ချောင်းသာမြို့အုပ်ချုပ်ရေးမှူးနှင့် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရှိရပါသည်။

Ref - MRTV

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။