Park Bo Gum ရဲ့ ပြသနေဆဲဇာတ်လမ်းတွဲသစ်မှာ ဧည့်သည်အဖြစ်ပါဝင်လာမယ့် Park Seo Joon

လက်ရှိမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ပရိသတ်အချစ်တော် ကိုရီးယားမင်းသားချော Park Bo Gum ရဲ့ ဇာတ်လမ်းတွဲသစ် “Record of Youth” ကို စက်တင်ဘာလ ၇ ရက်တုန်းက tvN ရုပ်သံကနေ စတင် ထုတ်လွှင့်ပြသခဲ့ပါတယ်။


Image Credit: Pinterest

နိုင်ငံတကာပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိနေတဲ့ အဲဒီဇာတ်လမ်းလေးမှာ နာမည်ကျော်မင်းသားချော Park Seo Joon ကလည်း ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ မှာ tvN က ထွက်ရှိလာတဲ့သတင်းအရ Park Seo Joon မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ခဏပါဝင်သွားမှာ ဖြစ်ပေမဲ့ ဘယ်လိုအပိုင်းမှာ ဘယ်လိုနေရာကပါဝင်သွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။


Image Credit: Pinterest

Bo Gum ဟာလည်း Park Seo Joon ရဲ့ “Itaewon Class” ဇာတ်လမ်းတွဲတုန်းက ခဏတာဧည့်သည်အဖြစ် ပါဝင်ပေးခဲ့ဖူးပါတယ်။ အခုတစ်ကြိမ် မှာတော့ Park Seo Joon ဟာ သူ့ကိုပြန်ကူညီပေးတဲ့အနေနဲ့ “Record of Youth” မှာ ပါဝင်ပေးခဲ့ဟန်ပါပဲ။


Image Credit: Pinterest

“Record of Youth” ဟာ ဖက်ရှင်လောကမှာကျင်လည်နေတဲ့ လူငယ်လေး ၃ ယောက်ရဲ့ ဘဝကို စိတ်ဝင်စား စရာကောင်းအောင် ပုံဖော်ရိုက်ကူး ထားတဲ့ လူငယ်-အချစ်-ဒရမ်မာဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်တွေအဖြစ် Park Bo Gum နဲ့အတူ မင်းသမီးချော Park So-dam နဲ့ မိုဒယ်မင်းသားချော Byeon Woo Seok တို့က ပါဝင်ထားကြပါတယ်။


Image Credit: Pinterest

“Record of Youth” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကစလို့ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်း ကိုရီးယားစံတော်ချိန်ည ၉ နာရီမှာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြနေတာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို Netflix ကနေလည်း ကြည့်ရှုနိုင်ပါတယ်။


Image Credit: Pinterest

Katie Scarlett
 We Media

Source: allkpop, koreaboo, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။