ကိုဗစ်ပိုး ထင်ထားတာထက်ပိုသန်မာ၊ နာနိုအပ်တောင် မတိုး

သိပ္ပံပညာရှင်တွေရဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ Covid-19 ဗိုင်းရပ်စ်ဟာ ထင်ထားတာထက်ပိုပြီး အင်အားကြီးတယ်လို့ သိရပါတယ်။ ဟန်ဂေရီသိပ္ပံပညာရှင်အဖွဲ့ဟာ Covid-19 ပိုးကို ၈၀  နာနိုမီတာအပ်နဲ့ ထိုးကြည့်တဲ့အခါ ပိုးထဲချိုင့်ဝင်သွားပေမယ့် အပ်ပြန်ထုတ်တဲ့အခါ နဂိုအတိုင်းပြန်ဖြစ်သွားတယ်လို့ ပြောပါတယ်။ သိပ္ပံပညာရှင်တွေဟာ နာနိုအပ်နဲ့ အကြိမ်ပေါင်း ၁၀၀ ကျော်စမ်းသပ်ခဲ့ပေမယ့် မူလဖွဲ့စည်းပုံမပျက်ရှိတာတွေ့ရပါတယ်။


ဟန်ဂေရီသိပ္ပံပညာရှင်တွေအနေနဲ့ ဗိုင်းရပ်စ်ကို ခွဲခြမ်းဖို့ ကြိုးစားပေမယ့် နောက်ဆုံး ပြန်ဆက်သွားတဲ့ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ စမ်းသပ်မှုအရ SARs-Cov-2 ဗိုင်းရပ်စ်ဟာ ပုံစံခဏခဏပြောင်းပြီး ဖြိုခွဲဖို့ မဖြစ်နိုင်ဘူးဆိုတာ သိရှိခဲ့ရပါတယ်။ Covid-19 ပင်မဗိုင်းရပ်စ်ကို ကာကွယ်ထားတဲ့ အပေါ်ယံဗိုင်းရပ်စ် ၂၀ ကနေ ၆၀ ကျော်အထိရှိနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပညာရှင်တွေအနဲ့ Covid-19 ဗိုင်းရပ်စ်ကို အပူချိန် ၉၀' မှာ ဆယ်မိနစ် ကျော်ထားပေမယ့် ပြိုကွဲသွားခြင်းမရှိဘူးလို့လည်း ပြောပါတယ်။


Budapest Semmelweis University ရဲ့ Dr Miklos Kellermayer က "အံ့သြစရာကောင်းလောက်အောင် ခံနိုင်ရည်ရှိတယ်"လို့ Biorxiv.org အတွက်ရေးသားထားတဲ့သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် SARs-CoV-2 ဗိုင်းရပ်စ်ရဲ့ တည်ဆောက်ပုံနဲ့မာကျောမှုကို သိပ္ပံပညာရှင်တွေ အံ့အားသင့်နေကြပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်း Tsinghua တက္ကသိုလ်က သိပ္ပံပညာရှင်တွေကလည်း Covid-19 ဗိုင်းရပ်စ်ဟာ ရှုပ်ထွေးစွာတည်ဆောက်ထားပြီး အကြိမ်ကြိမ်အခါခါပြန်လည်တည်ဆောက်နေတာတွေ့ရတယ်လို့ပြောပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကို ကင်မရာနဲ့ရိုက်ကူးဖို့ အလွန်ခက်ခဲတယ်လို့ ဖော်ပြထားပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်အလုပ်လုပ်ပုံကိုသိဖို့ အနုမြူစွမ်းအင်အနုကြည့်မှန်ပြောင်းတွေအထိအသုံးပြုပြီး အပ်နဲ့စမ်းသပ်ခဲ့ပေမယ့် ဗိုင်းရပ်စ်ကိုမခွဲထုတ်နိုင်ခဲ့ပါဘူး။ သာမန်ဗိုင်းရပ်စ်တွေဟာ လက်ခံကောင်က ခွဲထွက်ရင် အားနည်းတတ်ပေမယ့် Covid-19 မှာတော့ အားနည်းပုံမတွေ့ရပါဘူး။ ဗိုင်းရပ်စ်မျိုးကွဲတွေဟာ တချို့နေရာတွေမှာ ရက်ပေါင်းများစွာ တည်ရှိနိုင်ပြီး မတူညီတဲ့ပတ်ဝန်းကျင်နဲ့ဘယ်လို ရှင်သန်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေဆဲဖြစ်ပါတယ်။ 

Ref - SCMP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။