မင်းဘူး(စကု)နယ်အတွင်း အုပ်စုဖွဲ့ ရှေးဟောင်းပစ္စည်း တူးဖော်မှုများရှိနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မကျီးပင်ကျေးရွာအနီးအနားက ယာမြေမှာ အောက်တိုဘာ (၆)ရက်က စပြီး  ရွာအနီးဝန်းကျင်က ဒေသခံတွေ အုပ်စုလိုက် ရှေးဟောင်းပစ္စည်း တူးဖော်မှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။ 

အဲဒီအတွက် မကျီးပင်ကျေးရွာကို မကွေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန  တာဝန်ရှိသူတွေက အောက်တိုဘာ လ(၁၀)ရက် က သွားရောက်ပြီး  မှတ်တမ်းရယူကာ စိစစ်မှုများပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ “သွားကြည့်တဲ့အချိန်မှာတော့ တူးနေတဲ့ လူတွေရော ဘာမှမတွေ့ရတော့ဘူ။ လက်ရှိ ကွင်းဆင်းခဲ့တဲ့အနေအထားတစ်ခုအရ ၊ ရိုက်ကူးထားတဲ့ ပုံအရဆိုရင် ရှေးဟောင်းနေရာလို့တော့ သတ်မှတ်ယူဆရမှာပါ။ သံထည်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေဆိုတော့ သံခေတ်လို့ယူဆပါတယ်။ ပျူခေတ်က သံခေတ်နဲ့ အတူတူပါပဲ။ ကျောက်၊ ကြေး၊ သံ ဆိုပြီး သံခေတ်နောက်ပိုင်းကို ပျူခေတ်လို့လည်းခေါ်ပါတယ်။ သံနဲ့ပြုလုပ်ထားတဲ့ လှံ၊ ဓားတွေနဲ့ မြေနဲ့လုပ်ထားတဲ့ မြေအိုး၊ မြေခွက်၊ မြေပန်းကန်ပြားနဲ့ ပစ္စည်းတွေရဲ့ အနေအထားအရ တစ်ခေတ်ထဲလို့တော့ ယူဆနိုင်ပါတယ်။ အခုလောလောဆယ် အစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ အခုနေရာကို နောက်ထပ်တူးဖော်ခြင်းမရှိအောင်  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရော ကျေးရွာလူထုအနေနဲ့ပါ  တားစီးထိန်းသိမ်းပေးဖို့အတွက်ကို  ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်”လို့ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးရုံးခွဲမှ ဦးစီးအရာရှိ ဦးရဲလွင်က ပြောပါတယ်။ ယာပိုင်ရှင်ကတော့ သီးနှံစိုက်ခင်းနဲ့ စိုက်ပျိုးမြေတွေ  ပျက်စီးဆုံးရှုံးရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ 

Ref - မောင်မောင်(မင်းဘူး)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။