Remdesivir ဆေး အကျိုးသက်ရောက်မှုမရှိဟု WHO သုံးသပ်

အ​မေရိကန် Gilead ကုမ္ပဏီက ထုတ်လုပ်တဲ့ Remdesivir ဆေးဟာ ကိုဗစ်လူနာတွေအပေါ်  တစုံတရာ အကျိုးသက်ရောက်မှု မရှိဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ Remdesivir ကို ကိုဗစ်အသက်ကယ်ဆေးအဖြစ် အမေရိကန်အပါအဝင် နိုင်ငံတချို့မှာ သုံးစွဲနေပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ကုသပေးခဲ့တဲ့ဆေးလို့ နာမည်ကြီးခဲ့ပါတယ်။ WHO ရဲ့ ဆေးဝါးစမ်းသပ်မှုမှာ နိုင်ငံပေါင်း ၃၀ ကျော်က ဆေးရုံပေါင်း ၃၀၀ ကျော်မှာ လူနာပေါင်း ၁၁၂၆၆ ယောက်ကို Remdesivir ဆေးအပါအဝင် hydroxychloro quine, anti-HIV ဆေး lopinavir/ritonavir နဲ့ interferon ဆေးတွေနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ 


၂၈ ရက်အကြာ WHO ရဲ့ လေ့လာတွေ့ရှိချက်အရ အဆိုပါဆေးတွေဟာ ကိုဗစ်လူနာကို ဆေးရုံမှာ ဆက်လက်ကုသနိုင်ဖို့ လုံလောက်တဲ့အခြေအနေ မပေးနိုင်တဲ့အပြင် အကျိုးသက်ရောက်မှုမရှိဘူးလို့ တွေ့ရပါတယ်။ ဆေးဝါးစစ်ဆေးမှုရလဒ်တွေကိုတော့ MeRxiv ဆာဗာမှာ တင်ထားတယ်လို့ သိရပါတယ်။ ယခုလအစောပိုင်း Gilead ရဲ့ စမ်းသပ်ချက်မှာတော့ Remdesivir ဆေးတွေဟာ စမ်းသပ်လူနာ ၁၀၆၂ အတွက် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ Gilead ကုမ္ပဏီဘက်ကတော့ WHO ရဲ့စမ်းသပ်ချက်တွေဟာ ကျဘန်းစမ်းသပ်ထားတာဖြစ်ပြီး ​ရှေ့နောက်လျော်ညီမှု မရှိဘူးလို့ဆိုပါတယ်။ "ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ချပြထားပါတယ်။ WHO ရဲ့စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိတိကျကျဆွေးနွေးဖို့လိုနေပါပြီ"လို့ Gilead တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ Remdesivir ဆေးကို အမေရိကန် FDA က မေလ ၁ ရက်နေ့မှာ အသိအမှတ်ပြုခဲ့ပြီး နိုင်ငံတချို့မှာ စမ်းသပ်သုံးစွဲနေတာဖြစ်ပါတယ်။

Ref - WHO, Bloomberg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။