ကိုဗစ်ကြောင့် ကျန်းမာကြံ့ခိုင်သူ Fitness ဆရာတစ်ဦး သေဆုံး

ကိုဗစ်ဟာ ရောဂါအခံရှိသူတွေ အဝလွန်သူတွေအတွက် စိုးရိမ်ရပေမယ့် ခုဆိုရင် ကျန်းမာရေးကောင်းသူတွေပါ စိုးရိမ်လာရတဲ့အခြေအနေရောက်လာပါပြီ။ အထူးသဖြင့် အားကစားသမားတွေနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်သူတွေ ကိုဗစ်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေကို ယူကရိန်း Fitness ဆရာ တစ်ဦးက ချေဖျက်လိုက်ပါတယ်။ 


အသက် ၃၃ နှစ်သာရှိသေးတဲ့ ကျန်းမာကြံ့ခိုင်သူ အမျိုးသားတစ်ဦးဟာ ကိုဗစ်ကူးဆက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးသွားပြီဖြစ်ပါတယ်။ Dmitriy Stuzhuk ဆိုသူ ယူကရိန်းအမျိုးသားဟာ Instragram မှာ Follower တစ်သန်းကျော်ရှိသူဖြစ်ပြီး လေ့ကျင့်ခန်းတွေကို မျှဝေပေးသူဖြစ်ပါတယ်။ တူရကီကိုအလည်အပတ်သွားရောက်စဥ် အခုလိုကူးစက်ခံရတာ ဖြစ်ပါတယ်။ တူရကီက ယူကရိန်းပြန်လာပြီး နေမကောင်းလို့ ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်ပိုးတွေ့ခဲ့ရတာဖြစ်ပါတယ်။ 


ယူကရိန်းဆေးရုံမှာ တက်ရောက်ကုသပေမယ့် ဆေးရုံမှာ လူများလွန်းလို့ အိမ်မှာပဲ ကုသမှုခံယူခဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဗစ်ကြောင့်သေဆုံးခဲ့ရတာကိုတော့ ၄င်းရဲ့ ဇနီးဟောင်းက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ နေမကောင်းစဥ်အတွင်းမှာ Dmitriy Stuzhuk က "ကိုယ့်ကိုကိုယ် ကိုဗစ်မကူးနိုင်ဘူး။ တကယ်လို့ ကိုဗစ်ကူးရင်တောင် ပြန်ကောင်းနိုင်တယ်လို့ ထင်ခဲ့မိပါတယ်။ ခု ကိုဗစ်ကူးတော့ ထင်ထားတာထက် ပိုဆိုးတာတွေ့ရပါတယ်။ အရမ်းပြင်းထန်တဲ့ရောဂါပါ။ အားလုံးသတိပြုကြပါ"လို့ မသေဆုံးခင် ပို့စ်တင် သတိပေးခဲ့ပါတယ်။ 


Dmitriy Stuzhuk မှာ သားသမီးသုံးယောက်ရှိပြီး အငယ်ဆုံးကလေးက အသက် ၉ လသာရှိပါသေးတယ်။ ကျန်းမာကြံ့ခိုင်သူ Fitness ဆရာတစ်ယောက်ကို အလဲထိုးသွားတဲ့ ကိုဗစ်ကို လျော့တွက်လို့မရတော့ပါဘူး။

Ref - CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။