ဘရာဇီးအမဲသားတွေမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ ဟု ဝူဟန်အာဏာပိုင်တွေပြော

ဘရာဇီးနိုင်ငံက တင်သွင်းလာတဲ့ အမဲသားတွေမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အေးခဲအသားတွေကို စစ်ဆေးရင်းကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဝူဟန်ကျန်းမာရေးဌာနရဲ့ စစ်ဆေးချက်အရ ဘရာဇီးအမဲသားတွေကနေ ကိုဗစ်ပိုး သုံးခုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ အမဲသားတွေဟာ တရုတ်နိုင်ငံထဲကို ကွမ်ဒေါင်းဆိပ်ကမ်းကတစ်ဆင့် ဝူဟန်မြို့ကို သြဂုတ်လ ၁၇ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သင်္ဘောတင်ပို့တဲ့ ခုနှစ်ကို ၂၀၁၅ လို့ရေးသားထားပြီး မာဖရစ်ကုမ္ပဏီက တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဘရာဇီး မာဖရစ်ကုမ္ပဏီကတော့ အေးခဲအသားတွေမှာ ရောဂါပိုးတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းထားခြင်း မရှိသေးပါဘူး။ ဝူဟန်ဓာတ်ခွဲခန်းမှာ နိုင်ငံတစ်ဝန်းက အေးခဲအသား နမူနာ ၂၀၀ကို ပညာရှင် ၁၀၀ ဦးစီးပြီး စစ်ဆေးနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကတည်းက တင်သွင်းအသားတွေကို စစ်ဆေးခဲ့တာကြပါပြီ။ ပြီးခဲ့နှစ် ဒီဇင်ဘာက ဝူဟန်အသားစျေးတစ်ခုကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံး ကပ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ 


ယနေ့အချိန်ထိ အသားတန်ချိန် ၃ မီလျံမှာ ကိုဗစ်ပိုး ၂၂ ခုတွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အာဂျင်တီးနားက တင်သွင်းတဲ့ အမဲသားတစ်မျိုးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမဲသားစားသုံးများဆုံးနိုင်ငံဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက အများဆုံးတင်သွင်းနေတာဖြစ်ပါတယ်။

Ref - CNA

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။