မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသော ထိုင်းစက်လှေတစ်စီးကို တပ်မတော်(ရေ) ဖမ်းဆီး

မြန်မာ့ရေပိုင်နက် အက်ဒမန်ပင်လယ်အတွင်းသို့ ခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်ပြီး ငါးမျှားနေသည့် ထိုင်းနိုင်ငံ အပျော်စီး ငါးမျှားလှေတစ်စင်းကို တပ်မတော် ရေက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ငါးဖမ်းလှေ ပေါ်တွင် လိုက်ပါလာသော  ထိုင်းနိုင်ငံသားများအား   နိုဝင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ခေါ်ဆောင်လာပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အပျော်စီးငါးမျှားလှေမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ Polaris Ranong ကုမ္ပဏီပိုင် Polaris One အမည်ရှိ အလျား၂၃ ဒသမ ၉၅ မီတာရှိသော သစ်သားကိုယ်ထည်လှေဖြစ်ပြီး လှေလုပ်သားများ အဖြစ် ထိုင်းနိုင်ငံသား ခြောက်ဦး၊ မြန်မာနိုင်ငံသား နှစ်ဦးနှင့်  အပျော်တမ်း ငါးမျှားရန် လိုက်ပါလာသူ တရုတ်နိုင်ငံသား တစ်ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦး၊ စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်း၊  နိုဝင်ဘာ ၈ ရက်တွင် မြန်မာ့ပင်လယ်ပြင်အနီး  ခွင့်ပြုချက်မဲ့ ကျူးကျော် ဝင်ရောက် ငါးမျှားနေသည်ကို တပ်မတော်(ရေ) စစ်ရေယာဉ်က တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  Ref - ကျော်စိုး(ကော့သောင်း)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။